ရန်ကုန်၊ နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် သုံးဘီးယာဉ်ဖြင့် လမ်းကင်းစောင့်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း YePhyu People Defense Force – YPPDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်အချိန် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြားတွင် သုံးဘီးယာဉ် အသုံးပြု၍ လမ်းကင်း ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ကျန်ရှိနေသော စစ်သားများ ထွက်ပြေးသွားကြောင်း၊ သေဆုံးသွားသော စစ်သားများထံမှ MA-1 သေနတ် ၃ လက်၊ MA-3 သေနတ် ၁ လက်၊ MA-2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ ခါးပတ် ၁ ခု နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လတ်တလော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြင့်စွာ ဆောင် ရွက်နေသည့်အချိန်ဖြစ်သော ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် YePhyu People Defense Force – YPPDF မှ တာဝန်ရှိသူက သတိပေးပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar