လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၈၀ ချီးမြှင့်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂ ရက်နေ့တွင် လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာ စခန်းကုန်း၌ တာဝန်ထမ်းဆောင်နေသော ခလရ ၂၆၇ တပ်ရင်းမှ တပ်သား ကိုကျော်သက်ဦးသည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော တပ်သား ကိုကျော်သက်ဦးသည် MA-1 သေနတ် ၂လက်၊ ကျည်ဘောက် ၅ ဘောက်နှင့် ကျည် ၂၄၆ တောင့်တို့ ယူဆောင်လာပြီး လက်နက်နှင့်တကွ ပြည်သူ့ ရင်ခွင် ခိုလှုံလာသောကြောင့် နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“ဖက်ဆစ် စစ်တပ်ကနေ အမြန်ဆုံး ရုန်းထွက်ပြီးတော့ ပြည်သူ့ရင်ခွင် ခုံလှုံကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အလင်းဝင်ရောက်လာသော ကိုကျော်သက်ဦးကို လက်ရှိချိန်တွင် ဘေးကင်း လုံခြုံရာသို့ ပို့ဆောင်ရန် စီစဉ်ပေးထားပြီး ဆက်လက်၍လည်း ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့် နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။