ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ကျွန်းလှမြို့မှ ကံပေါက်ရွာသို့ ကားများဖြင့် ထွက်လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကံပေါက်ရွာမှ စတင်ထွက်ခွာလာပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့ကြောင်း၊ ထို့နောက် ကုက္ကိုကုန်းရွာထဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မွန်းလွဲ ၁ နာရီ ခန့်တွင် ကုက္ကိုကုန်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး Drone ဖြင့် အနီးအနားရှိ ကျေးရွာများကို ဗုံးသီး ၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရဿည်။
ယင်း စစ်ကောင်စီ တပ်သားများသည် လူစုခွဲ၍ နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် နှင့် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် မဒေါင်ရွာ၊ ညနေ ၄ နာရီ တွင် လွှတ်တိုက်ရွာတို့ကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဆွဲလှဲရွာကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ ဖျက်ဆီးသည့်အပြင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့် နှင့် ၃၈ မိနစ်ခန့်တွင်တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့် နှင့် ၅၀ မိနစ်ခန့် တို့တွင် တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ၊ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်ခန့် တွင် နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ် ဖြင့် ၁ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ကြောင်းက ကုက္ကိုကုန်းမှာ အထိုင်နေပြီးတော့ ပတ်ပတ်လည်ရွာတွေကို ဒရုန်းဗုံးသီး ဆက်တိုက်ချနေတာမျိုးတွေတော့ လုပ်နေတယ်။ ဆွဲလှဲရွာဘက်ထိ စစ်ကြောင်းက ရှေ့တိုးပြီး မီးရှို့တာတွေလည်း လုပ်နေတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေတော်တော်များများတော့ စစ်ကြောင်းနဲ့ ဝေရာကို တော်တော်ရှောင်နေရပြီ လေယာဉ်နဲ့ ဗုံးကျဲတာ အပြင် ဒရုန်းတွေနဲ့ ဆက်တိုက်ကျဲချလာတော့ ပြည်သူတွေ ဝေးရာကို တော်တော်ရှောင်နေရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့်ပါ ကျေးရွာများကို ပစ်ခတ်နေပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကိုလည်း ကံပေါက်ရွာကို ခိုးယူ သယ်ဆောင်သွားကြောင်း၊ သံပုရာပင်စု ဘုန်းကြီးကျောင်းကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် ကျွန်းလှမြို့နယ်အတွင်းရှိ တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနိပ်ရိက္ခာနှင့် အနွေးစောင်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။
Photo – ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်