34 C
Yangon

တောင်သာ၊ ရုံးစည်ကြီးရွာတွင် စစ်တပ်က ၄ ရက်ကြာ တပ်စွဲပြီး အနီးအနားရွာများကို ဆက်တိုက် စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

တောင်သာ၊ ရုံးစည်ကြီးရွာတွင် စစ်တပ်က ၄ ရက်ကြာ တပ်စွဲပြီး အနီးအနားရွာများကို ဆက်တိုက် စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် အကြမ်းဖက် စစ်တပ်က ၄ ရက်ကြာ တပ်စွဲပြီး အနီးအနားရွာများကို ဆက်တိုက် စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း တောင်သာမြို့နယ် လူထု လှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ရုံးစည်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မလှိုင်မြို့နယ်ဘက်မှ ဖောကား ၁ စီးဖြင့် တက်လာသော စစ်ကြောင်းတို့ ပူးပေါင်းပြီး အင်အား ၁၀၀ ကျော်ခန့်ဖြင့် အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးစည်ကြီးမှ ထွက်လာပြီးနောက် ညောင်ပင်ဇင်းတောရိုးဘက်ကို သေနတ်များ ပစ်ဖောက်၍ ဝင်ရောက် စီးနင်းပြီး ကားလမ်းပိုင်းတွင် ဂိတ်ချကာ ပြည်သူပိုင်ကားများကို တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၆၀ ခန့်ဖြင့် ပန်းပေါင်းရွာဘက်ကို ခြေလျင်ထွက်သွားပြီး ပန်းပေါင်းအရှေ့ရွာ အရှေ့ဘက်တောရိုးအတွင်းရောက်ရှိနေကြောင်း၊ ရုံးစည်ကြီး-မလှိုင် လမ်းပိုင်းတွင်လည်း စစ်ကောင်စီ တပ်သားများ ဂိတ်ချ၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ ရုံးစည်ကြီးရွာ၌ ၄ ရက်ကြာ တပ်စွဲထားသောကြောင့် ကျေးရွာနေ ပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးစည်ကြီးရွာက ပြည်သူတွေကတော့ ပြေးနေရတယ်။ ပြည်သူ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်။ အဲခွေး စစ်ကြောင်းက ရုံးစည်ကြီးရွာတစ်ဝိုက်နဲ့ ပန်းပေါင်း ကျေးရွာတစ်ဝိုက်ကို လှည့်လည် စစ်ကြောင်းထိုးနေတာ ပြည်သူတွေ ဖမ်းဆီးခံရတာတော့မရှိသေးပါဘူး” ဟု တောင်သာမြို့နယ် လူထု လှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – ကျေးရွာအတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article