ရှမ်းမြောက်တွင် TNLA သိမ်းပိုက်ထားသော မြို့ ၅ ခုကို နိုဝင်ဘာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း TNLA သိမ်းပိုက်ထားသော မြို့ ၅ ခုကို နိုဝင်ဘာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ရှမ်းမြောက်တွင် နိုဝင်ဘာလ ၁ လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၉၇ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း နောင်ချိုမြိုတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄၉ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုးသွားခဲ့ကြောင်း၊ မိုးကုတ်မြို အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုတ်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၉ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် သိရှိရသည်။
အလားတူ မိုင်းငေါ့မြို မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး လာရောက်ကျဲချမှုကြောင့် ဒေသ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ လုံး ထိခိုက်ပျက်စီး ဆုံးရှုးသွားခဲ့ကြောင်း၊ ထို့ပြင် ကွတ်ခိုင်မြို ရပ်ကွက် ၄ တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထိုအတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ည၆ နာရီ ၃၅ အချိန်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒေသ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် စျေးဆိုင်ခန်းအများအပြားလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ရကြောင်းသိရှိရသည်။