28 C
Yangon

အပြောင်းအလဲ လမ်းဆုံလမ်းခွ ရောက်နေ၍ နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသား ခွန်ပြည့်အားပြည့် လုပ်ကြရန် NUG ယာယီသမ္မတ သတိပေး

Must read

အပြောင်းအလဲ လမ်းဆုံလမ်းခွ ရောက်နေ၍ နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသား ခွန်ပြည့်အားပြည့် လုပ်ကြရန် NUG ယာယီသမ္မတ သတိပေး

🟥 “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး”

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသည် အပြောင်းအလဲ လမ်းဆုံလမ်းခွ ရောက်နေ၍ နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသားဖြင့် ခွန်ပြည့်အားပြည့်လုပ်မှသာ တိုင်းပြည်နှင့်လူထုကို စစ်အာဏာရှင်စနစ်ဆိုးမှ ကယ်ထုတ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း သတိပေးပြောဆိုသွားခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများနှင့် ပြည်သူလူထုတစ်ရပ်လုံးက NUG အပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များစွာရှိကြောင်း၊ ယင်းယုံကြည် မျှော်လင့်ချက်များကို ရိုက်ချိုး၍ မရကြောင်း၊ လက်ရှိအခြေအနေမှာ အပြောင်းအလဲကြီးဖြစ်နေပြီး လမ်းဆုံလမ်းဂွ ရောက်ရှိနေကြောင်း၊ တော်လှန်ရေး အလုပ်များကို ပြတ်ပြတ်သားသားခွန်ပြည့်အားပြည့် လုပ်မှသာ တိုင်းပြည်နှင့်လူထုကို စစ်အာဏာရှင် စနစ်ဆိုးမှ ကယ်ထုတ်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်းပြည့် ကျပ်ပြည့် ဆက်လက် လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီခရီးအထိ အတူကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲကြီးလည်း ဖြစ်သလို၊ လမ်းဆုံလမ်းခွလည်းဖြစ်နေတယ်ဆိုတာ သတိရကြဖို့ လိုပါတယ်။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။”ဟု ယာသမ္မတက သတိပေးပြောဆိုသည်။

ထို့ပြင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးမှာ အချိန်အကန့်အသတ် ပိုမိုဖြစ်လာကြောင်း၊ ထို့ကြောင့် တော်လှန်ရေး အောင်မြင်ရေးနှင့် အားကောင်းမောင်းသန် အရွေ့ဖြစ်စေရေး ပိုမိုစဉ်းစားကြရန် တိုက်တွန်းလိုကြောင်း၊ ICC က ဖမ်း၀ရမ်းထုတ်ရန်ရှိနေသည့် မင်းအောင်လှိုင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံတကာက သတိထားကြရန် လိုအပ်ကြောင်း ပြောဆိုသည်။

” တော်လှန်ရေးရဲ့ အရွေ့ကို ဦးဆောင်မယ့်အစိုးရ အားကောင်းပါမှ တော်လှန်ရေးအတွက် အကျိုးများနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စဥ်းစားသမျှကိစ္စတိုင်းဟာ တော်လှန် ရေးအောင်မြင်မှုအတွက် အားကောင်းမောင်းသန် အ‌ရွေ့တစ်ခုကို ဖြစ်စေဖို့ပဲ စဥ်းစားကြဖို့နဲ့ အချိန်က အကန့်အသတ် ပိုမိုဖြစ်လာပြီမို့ တော်လှန်ရေးအတွက် တိုက်ရိုက်ထိရောက်မှုရှိစေမယ့် အရေးကြီးတဲ့ကိစ္စတွေ အပေါ် ပိုမိုအားစိုက်လုပ်ဆောင်ပေးကြဖို့၊ ပြင်ဆင်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။” ဟု NUG ဝန်ကြီးချုပ်က ဆိုသည်။

နိုင်ငံတကာ ရာဇဝတ် ခုံရုံး (International Criminal Court)က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်မည့် ကိစ္စကို တော် လှန်ရေးအင်အားစုများအနေဖြင့် စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးပြု လှုပ်ရှားကြရမည့် အချိန်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က သတိပေး နှိုးဆော်သွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article