မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ လူငယ်တချို့ကို ဖမ်းဆီးသွား
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီအချိန် မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် စစ်တပ်က ပန်းတစ်ပွင့်တောင်အနီးရှိ လမ်းများ၊ ကျေးရွာများ၊ ဝါးနက်ချောင်းကျေးရွာဘက်ရှိ လမ်းများ၊ မှော်ဘီမြို့ ပြည်လမ်းအဝင်အထွက်လမ်းများနှင့် ဂိတ်များကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး မသင်္ကာမှုဖြင့် လူငယ်တချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
“မှော်ဘီလေတပ်ထဲကနေ ပေါက်ကွဲသံ ၅ ချက်ထွက်ပေါ်ပါတယ်။ အသံအရမ်းကျယ်ပါတယ်။ အိမ်တွေပါတုန်တယ်။ အဲဒီနောက်မှာ ကျနော်တို့ ရွာနားမှာ ဧည့်စာရင်းတွေစစ်တယ်။ စခတွေကတော့အ သည်းအသန်ပြေးသွား လာနေကြတာ။ ပန်းတစ်ပွင့်တောင် သွားတဲ့လမ်းဘက်တွေမှာလည်း ဂိတ်ချ အစစ်အဆေးတွေ လုပ်တာတွေ့ရတယ်” ဟု ဝါးနက်ချောင်းကျေးရွာအနီးနေထိုင်သူ ဝါးနှီးရောင်းဝယ်ရေး ဒိုင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့ပြ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း မှော်ဘီလေတပ်ကို ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ တော် လှန်ရေးရဲဘော်များအားလုံး ဘေးကင်းကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဓာတ်ပုံ- မှော်ဘီလေတပ်စခန်း။ (ပုံအဟောင်းဖြစ်ပါသည်။)