ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ကျေးရွာများမှ စစ်မှုထမ်းစုဆောင်းပေးရန် အမိန့်ပေးပြီး လူစုမပေးလျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
လှိုင်းဘွဲ့မြို့နယ်တွင် ဗိုလ်မှူးကြီး စိုးမင်းအောင်က စစ်မှုထမ်းအတွက် လူစုဆောင်း ကောက်ခံပေးရန် မြို့နယ်၊ ကျေးနယ်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ အတင်းအဓမ္မတောင်းဆိုနေကြောင်း ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဗျူဟာရုံးတွင် စစ်တပ်က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က၊ ဃ အုပ်ချုပ်ရေးမှူးများ နှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလိုများမှ ကျေးနယ်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ လုံခြုံရေး အစည်း အဝေး နှင့် မြို့နယ်ထွေအုပ်ရုံးတွင် စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေး များပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးတွင် စစ်မှုထမ်းများ ကောက်ခံပေးရန် ပြောဆိုခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် စစ်မှုထမ်း တပ်သားသစ်များကို ဗျူဟာရုံးသို့ အရောက်လာပို့ပေးရန် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှူးများအား အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
စစ်မှုထမ်းများ ပေးပို့ရန် စစ်တပ်က အမိန့်ပေးလာရာတွင် ကျေးနယ်တစ်ခုတွင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ယောက်အစား ငွေကျပ် သိန်း ၃၀ ပေးရမည်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမပြုပါက မြို့အဝင်အထွက်ဂိတ်များမှ နေ၍ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်၌ စစ်မှုထမ်းအကြောင်းအရာဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူ၍ စစ်မှုထမ်းအပတ်စဉ် ၇ တွင် တပ်သားသစ်များ စုဆောင်းပေးပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့် ယခု စစ်မှုထမ်းအပတ်စဉ် ၈ တွင် ကျေးရွာတစ်အုပ်စုလျှင် တပ်သားသစ် တစ်ဦးနှုန်းဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား၍ မဖြစ်မနေပေးရမည်ဟု ဗျူဟာမှူးက အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် မြို့နယ်/ကျေးနယ်များအတွင်းနေထိုင်နေရသော ပြည်သူလူထုများအနေဖြင့် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လှိုင်းဘွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နင့်အဖွဲ့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar