ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စပြီး ရွှေတောင်မြို့နယ်တွင် ကျင်းပနေသည့် ဘုရားသုံးဆူပွဲတော်ကို လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိသားစုဝင်များက ငွေဖြင့် လိုက်လံ ရွေးထုတ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။
“ရွှေတောင်မြို့နယ်က ဘုရားသုံးဆူပွဲတော်ကို လာရောက်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘုရားပွဲ ၂ ရက်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၁၇ ဦး ပါသွားပါပြီ ဘုရားပွဲ အသွားအပြန်ကို စောင့်ပြီး ဖမ်းနေတာ နေအိမ်တွေကို ဝင်ဆွဲတာတွေလည်း ရှိနေပါတယ်။ စစ်ခွေးတွေက လူငယ်တိုင်း စစ်မှု မထမ်းမနေရထမ်းရမယ်ပြောပြီး လိုက်ထုတ်တဲ့ မိသားစုတွေကို ပြောတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ အနီးရှိ ကျေးရွာတစ်ရွာမှ CDM သူနာပြု ဇနီး မောင်နှံ၏ နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ရှိ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားပြီး ပစ္စည်းအားလုံးကို ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်ဖိုမြို့ အနီးရှိ ကျေးရွာတစ်ရွာမှ CDM သူနာပြု၏ အမျိုးသား ဖြစ်သူ နေအိမ်ကို ပြန်လာသည်ဆိုသော သတင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီး နေအိမ်ရှိ CDM သူနာပြု ဆရာမ အမျိုးသား၏ ညီမဖြစ်သူကို ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့ပြင် နေအိမ်အတွင်းရှိ စပါးတင်း ၁၀၀၀ အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို စစ်ကားဖြင့် တင်ဆောင်သွားပြီး စစ်ကောင်စီ တပ်သားများက နေအိမ်ကိုပါ မီးရှို့ရန် လုပ်ဆောင်စဉ် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းတားဆီးသောကြောင့် ဆဲဆို၍ ထွက်ခွာသွားကြောင်း သိရှိရသည်။
“အုတ်ဖိုက တိမ်းရှောင်နေတဲ့ CDM သားဖွား ဆရာမရဲ့ အမျိုးသား နေအိမ်ကို ပြန်လာတယ်ဆိုပြီး သတင်းကြောင့် စစ်ခွေးတွေက အိမ်ကို လာဖမ်းတာ ဖမ်းမမိလို့ သူနာပြု ဆရာမ အမျိုးသားရဲ့ ညီမကိုဖမ်းပြီး အိမ်မှာရှိတဲ့ စပါးတင်း ၁၀၀ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေကို စခတွေကားနဲ့ တိုက်ယူသွားပါတယ်။ စစ်ခွေးတွေက နေအိမ်ကို မီးရှို့ဖို့ ဓာတ်ဆီပုံးပါလာတာ အိမ်ကို မီးရှို့မယ်လုပ်လို့ ရွာသားတွေ ဝိုင်းပြီး တားကြလို့ မကျေမနပ်နဲ့ ဆဲဆိုပြီး ပြန်သွားကြတယ်။ တစ်ရွာလုံးက ပြည်သူတွေ ကြောက်လန့်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသည့် လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar