တောင်ကြီးတွင် ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို အလုပ်ပေးမည်၊ အလည်ပို့ပေးမည်ဟုဆိုကာ စစ်တပ်ထဲသို့ ခေါ်သွင်း ၊ တောင်ကြီးထွေ/အုပ်က လစဉ် စစ်မှုထမ်းမည့် လူအရေအတွက် မပြည့်၍ လူကြိုစုဆောင်းရန် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို အလုပ်ပေးမည်၊ အလည်ပို့ပေးမည်ဟုဆိုကာ လိမ် လည်ပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းနှင့် စစ်ထဲသို့ သွင်းနေမှုများ လုပ်ဆောင်နေပြီး လူ ၂၀ ဦးထက်မနည်း လိမ်လည်ခေါ်ဆောင်ခံရကြောင်း ခေါ်ဆောင်သွားခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိတ္ထီလာမြို့ အမှတ် ၃၅ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ထက်ကိုငြိမ်းဆိုသူသည် တောင်ကြီးမြို့၊ အေးသာယာသို့ ရောက်ရှိလာပြီး လူငယ်များကို အလုပ်အကိုင်ပေးမည်၊ အလည်သွားကြမည်ဟုဆိုကာ စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းခြင်း၊ တပ်သားသစ်တချို့ကို နေပြည်တော်ရှိ စစ်သား စုဆောင်းရေးတပ်ထံသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်ကြောင်း၊ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို ရင်းနှီးအောင် လုပ်ဆောင်ကြောင်း၊ ယင်းနောက် လစဉ် လူငယ် ၆ ဦးခန့်ကို မြို့ကြီးများတွင် အလုပ်ရှာပေးမည်ဟုဆိုကာ တပ်သားသစ်စုဆောင်းခြင်းဖြစ်ကြောင်း၊ နေပြည်တော်နှင့် အခြားမြို့ကြီးများသို့ တပ်သားသစ်များကို ရဲတပ်သားထက်ကိုငြိမ်းက ပို့ဆောင်ပြီး စရိတ်ကိုမူ ၎င်းက ကျခံကြောင်း သိရှိရသည်။
“ရဲတပ်သား ထက်ကိုငြိမ်းက အေးသာယာမှာ သူက လာနေတယ်။ အဲဒီမှာ လူငယ်တွေနဲ့ ရင်းနှီးအောင်ပေါင်းတယ်။ သူရောက်တာတော့ လနဲ့ချီနေပြီ။ ပြီးတော့ လူငယ်တွေကို အလုပ်ရှာပေးမယ်၊ အလည်သွားကြမယ်ဆိုပြီး စစ်ထဲပို့တာ။ နေပြည်တော်ကို ပို့တယ်။ သူရောက်လနဲ့ချီပြီကြာနေပြီ။ တစ်လ ကို ၆ ဦး အနည်းဆုံးရှာပြီး ပို့နေတာ” ဟု လိမ်လည်ပို့ဆောင်ခံရသူ လူငယ်တစ်ဦး၏ မိခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် တောင်ကြီးတွင် စစ်တပ်အတွက် စစ်မှုထမ်း လူသစ်စုဆောင်းမှု ခက်ခဲကြောင်း။. ထိုသို့ ခက်ခဲမှုကြောင့် တေင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို စစ်မှုထမ်း အပတစ်ဉ် ၈ မှ ၁၀ အထိ လူငယ်တပ်သားသစ်စုများ စုဆောင်းထားရန်၊ လိုအပ်သည်နှင့် စစ်မှုထမ်း သင်တန်းများ ချက်ချင်းစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် ညွှန်ကြားနေကြောင်းသိရှိရသည်။
တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဝင်းက ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရပ်ကွက်အတွင်းမှ လူငယ်များကို ယခု စစ်မှုထမ်း အပတ်စဉ် ၈ ၊ အပတ်စဉ် ၉ နှင့် အပတ်စဉ် ၁၀ အတွက် တပ်သားသစ်များအဖြစ် စစ်မှုထမ်းရန် ဆင့်ခေါ်ထားကြောင်း သိရှိရသည်။
“တောင်ကြီးမှာ လူမရလို့ ပေါ်တာဆွဲတွေလည်း ခဏခဏ ကြားနေရတယ်။ အေးသာယာဘက်မှာလည်း ဆွဲလို့ လူငယ်တွေ ပါသွားတာများနေပြီ။ ညဘက်ထွက်ရင်းနဲ့ အဆွဲခံရတာ” ဟု တောင်ကြီးမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။