ရန်ကုန်၊ မေ ၁
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ၂၂မှ ကင်းလှည့်ရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေ ဆုံးခဲ့ကြောင်း ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ နံနက် ၁၀နာရီ ၄၀ မိနစ်ခန့်တွင် ဆိပ်ဖြူနယ်၊ ကပစ၂၂ မှ ကင်းလှည့်ရန် ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်တပ် စစ် ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဆုံးလမ်းခွဲအနီး အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“ခွေးနာတွေ လာသယ်တဲ့ ကား ၃ စီးက အင်အား ၈၀ လောက်ချထားခဲ့သေးတယ်။ ဒီမနက် ၁၀ နာရီ ၄၀ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ။ ပေပါမိုင်းနဲ့ အသင့်စောင့်ကြို တိုက်ခိုက်တာ စစ်ခွေး ၆ ကောင်ကတော့ နေရာမှာပဲ သေဆုံးပြီး အပြင်းထန်ဒဏ်ရာရတဲ့ စစ်ခွေးခွေးလည်းများတယ်လို့သိရတယ်။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးကတော့ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာကို ခွေးအင်အားထပ်ဖြည့်လာလို့ ရှင်းလင်းရေးမလုပ်ရသေးဘူး။ ပေပါဆွဲမိုင်း၊ နင်းမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ်တောင်ပိုင်း၊ ဗိုလ်နားပေါက်အဖွဲ့နှင့် အတူ၊ မြို့နယ် ပကဖ အဖွဲ့၊ ဆိပ်ဖြူ တကိုယ်တော်ကျားဇိုးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဆိပ်ဖြူ-ပေါက်လမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းပိုင်းများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းသွားခွင့်များ ခေတ္တပိတ်ထားကြောင်း သိရသည်။




