ထီးလင်းမြို့အနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ထီးလင်းမြို့အနီး တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီးသော စစ်သားနှင့် ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို တက်လာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နှင့် ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ဖြင့် လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အလောင်း ၈ လောင်း သိမ်းဆည်းရရှိပြီး ပျူစောထီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၃ လက်နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရခဲ့ပြီး စစ်ကြောင်းသည် ထီးလင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ဒု-စုမှူး ရဲဘော်နေလင်းအောင် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထက်အရာရှိကို တင်ပြသည့် လျှို့ဝှက် အစီရင်ခံစာ ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာက စစ်ခွေး အလောင်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ခွေးတွေက လေယာဉ်နဲ့ လာပစ်တာရှိလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ထုတ်ပြန်ဖို့ နောက်ကျခဲ့တာပါ” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။