ရန်ကုန်၊ ဒီဇင်ဘာ ၁၇
မြန်မာအကြမ်းဖက်စစ်ကောင်စီက ထိုင်းငါးဖမ်းသမား ၄ ဦးကို မြန်မာ့ရေပိုင်နက်ကျူးကျော်သည်ဟုဆိုကာ ထောင်ဒဏ်များချမှတ်လိုက်ခြင်းက လက်ရှိ ထိုင်းအစိုးရမှာ ပြည်သူများကို အကာအကွယ်မပေးနိုင်သော အားနည်းသည့် အစိုးရ အဖြစ် ပြသခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ Rangsiman Rome က ဝေဖန်ပြောဆိုလိုက်သည်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ဦးဆောင်သော အစိုးရသည် “အားနည်း” ပြီး ထိုင်းပြည်သူတွေကို အကာအကွယ်မပေးနိုင်ကြောင်း၊ ထိုင်းငါးဖမ်းသမား ၄ ဦးကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်မှုအပေါ် ထိုင်းအစိုးရအနေဖြင့် သဘောမတူကြောင်းကို ပြသရန် စစ်ကောင်စီ၏ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုသင့်ကြောင်း၊ ထိုင်း-မြန်မာရေပိုင်နက်သည် ပြတ်သားသော နယ်နမိတ်စည်းမျဉ်းမရှိသည့်အပြင် ထိုင်းငါးဖမ်းသင်္ဘောများကို ပစ်ခတ်မှုမှာလည်း မသင့်တော်ကြောင်း၊ ထိုင်း-မြန်မာရေပိုက်နက်သည် ပစ်ခတ်မှုများနှင့် ပင်လယ်ဓားပြမှုများ ရှိနေသော ဆိုမီလီယာရေပိုင်နက်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မြန်မာရေပိုင်နက် ကျူးကျော်သည်ဟုဆိုကာ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းသင်္ဘောများကို ပစ်ခတ်ခဲ့ပြီး ထိုင်းငါးဖမ်းသမား ၄ ဦး ၊ မြန်မာသင်္ဘောသား ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ထိုင်းသင်္ဘောသား ၄ ဦးအနက်မှ လှေပိုင်ရှင်ကို ကော့သောင်းခရိုင်တရားရုံးက ခွင့်ပြုမရှိဘဲ ငါးဖမ်းမှုအတွက် ထောင်ဒဏ် ၅ နှစ်၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်နှင့် ငွေဒဏ် ၂ သိန်းချမှတ်ခဲ့ကြောင်း၊ ထိုင်းငါးဖမ်းသမား ၃ ဦးကိုမူ ခွင့်ပြုချက်မရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းမှုဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် တရားမဝင် ဝင်ရောက်မှု ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီ၊ ဒဏ်ငွေ ကျပ် ၃ သောင်း (၅၁၀ ဘတ်ခန့်)ကိုလည်းကောင်း ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောင် တရားရုံးက ပြစ်ဒဏ်များကို ဆိုင်းငံ့လိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေရန် ထိုင်းသင်္ဘောသား ၄ ဦးစလုံးကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း၊ တချိန်တည်းမှာပဲ ထိုင်းငါးဖမ်းသင်္ဘောမှ မြန်မာနိုင်ငံသား ၂၇ ဦးကို တရားမ၀င် ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား- Khaosod English ။
ဓာတ်ပုံ – မြန်မာစစ်ကောင်စီလက်အောက်ခံ ရေတပ်က ဖမ်းဆီးထားသည့် ထိုင်းနှင့်မြန်မာ ငါးဖမ်းသမားများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar