ပခုက္ကူမြို့နယ်ရှိ ရွာသာအေးရွာနှင့် ပြည့်အိုင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းထိ မီးရှို့ဖျက်ဆီးနေ၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရွာသာအေးရွာနှင့် ပြည့်အိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ မီးရှို့ဖျက်ဆီးနေကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာအေးရွာ နှင့် ပြည့်အိုင်ရွာရှိ နေအိမ်များကို မွန်းလွဲပိုင်းမှ စတင်ပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ကျေးရွာ ၂ ရွာရှိ နေအိမ်များသည့် ယနေ့ ညပိုင်းထိ မီးလောင်နေပြီး စစ်ကောင်စီ တပ်သားများကလည်း ရွာထိပ်တွင် ကင်းပုန်းဝပ်၍ ကျေးရွာအတွင်း မီးလာငြိမ်းသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်နေကြောင်း သိရှိရသည်။
“မီးက အခုထိလောင်နေတုန်းပဲ စစ်ခွေးတွေက ရွာထိပ်တွေမှာ ကင်းပုန်းတွေထားပြီးတော့ ရွာထဲကို မီးဝင်ငြိမ်းမယ့်သူမှန်း သမျှကို လိုက်ပစ်နေလို့ ဘယ်သူမှ ရွာနားကို မကပ်ရဲဘူး။ မွန်းလွဲပိုင်းတည်းက စစ်ခွေးတွေက စရှို့နေတာ အခုခွေး စစ်ကြောင်းက ပြန်ဆုတ်ဖို့တော့ လုပ်နေတယ်” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများ အပြား မီးလောင် ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်နှင့် မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းရှိ ကျေးရွာများကို တံတားဦးတက်လာသည့် Jet Fighter ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး။ စစ်ခွေးတွေက ရွာတွေ အနီးကို ကျဲချသွားတာ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန်မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)