ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်အချိန် ဆောထိမြို့နယ်တွင် တောင်ငူ လေတပ်မှ တက်လာသော တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကို တဃော်ကွီးရွာဟောင်း အတွင်းသို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီအချိန် ခလရ ၅၇ ပူပေါင်းတပ်ရင်းက ၆၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အောင် ခက်ကျော်၏ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်အချိန် ဆောထိမြို့နယ်အတွင်း ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အောပလားကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အချိန် လယ်ဒိုမြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ၁၂၂ မမ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ရာ ဒါးကုလားကျေးရွာ နှင့် လော်မူသောကျေးရွာ အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒါးကုလား ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဒေါ်ခင်ဌေး နှင့် အသက် ၄၆ နှစ် အရွယ် ဒေါ်မနီ တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေအိမ် ၂ လုံးနှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်အချိန် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၂ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ သူးကဘီး ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း စစ်ဘေးရှောင်နေသည့် နောင်ကုန်းကျေးရွာမှ စောဖိုးမြ၊ နော်ထိုလွီထူ တို့ ၂ ဦး သေဆုံးကာ နော်အယ်စေး၊ နော်ငွေကြည် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁ လုံးနှင့် ဈေးဆိုင် ၁ ဆိုင်လည်း ပျက်စီးခဲ့ပြီး ကြက် ၅ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့် နှင့် ၅၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ ၆ လုံး ပစ်ခတ်ခဲ့ရာ လိန်ပင်ဝဲ ကတို့ဆိပ်တွင် ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar