မောင်တောနှင့် ပုဏ္ဏားကျွန်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ ကန့်ဘလူရှိ မန်ကျည်းကုန်းရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် စစ်တွေမြို့ရှိ အကြမ်းဖက် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပဒေသာကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး စစ်တွေမြို့နယ် ကြံတောကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာကို စစ်ဘေး တိမ်းရှောင်လာသည့် အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပဒေသာကျေးရွာမှ ဒေါ်မသိန်းနု၊ ဒေါ်သိန်းနုမာ၊ မဘုမချေနှင့် ယင်းရွာကို အလည်ရောက်ရှိနေသည့် ကျောက်တော် ဒေသမှ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း မောင်တောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးသည် မောင်တောမြို့နယ် ဥဒေါင်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသား ၂ ဦးဖြစ်သည့် အောင်မင်းဟိန်းနှင့် ဇော်လင်းဟိန်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်လိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ ရေတပ်က မောင်တောဒေသကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း သွားလာနေသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက မောင်တောဒေသအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။