32 C
Yangon

နိုင်ငံတစ်ဝန်းမှ အသက်မပြည့်သေးသော ဆယ်ကျော်သက် အရွယ် လူငယ်အများအပြားကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

🟥 မြောင်းမြတွင် စားသောက်ဆိုင် စားပွဲထိုး အသက် ၂၀ အရွယ် မောင်သန့်ဇင်ထွန်းကို စစ်တပ်က ဆိုင်အတွင်းသို့ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံတစ်ဝန်းမှ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် လူငယ်အများအပြားကို တပ်သားသစ်အဖြစ် စစ်တပ်က ဖမ်းဆီးနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် နှင့်မင်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က အသက် ၁၄ နှစ်အရွယ် လူငယ်များကိုပါ စစ်မှုထမ်းစာရင်း ထည့်သွင်းထားပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက အသက် ၁၄ နှစ်နှင့် ၁၇ နှစ်အရွယ်များ ရှိသော လူငယ်များ၏ နေအိမ်များကိုပါ စစ်မှုထမ်းရန် စာရင်းပါသည်ဟုဆိုကာ ငွေကျပ် ၃၀၀၀၀ တောင်းခံပြီး အမည်စာရင်းများကို ယူဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း စာရင်းတင်သွင်းရန် လူဦးရေ ပြည့်မှီခြင်း မရှိသောကြောင့် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ရန်ပိုင်ဖြိုးနှင့် ထွေအုပ်စာရေး စန္ဒာ ဆိုသူတို့ကို ခိုင်းစေခြင်းဖြစ်ပြီး ၎င်းတို့က အုပ်ချုပ်ရေးမှူးများကို အမည်စာရင်း ပေးပို့ရန် ပြန်လည် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ ဆိုပြီးလာခေါ်တာ အသက် ၁၄ နှစ် ကနေ ၁၇ နှစ် ကလေးပါ စစ်မှုထမ်းဖို့ အမည်စာရင်း ပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောတာ ဒီနေ့ အိုးသည်ကုန်းရွာမှာ ငွေလာကောက်တော့ ကလေးမိဘတွေ အကုန်လန့်နေပြီ သူများအိမ်တွေ တစ်သောင်းပဲပေးရတာ ကျောင်းသားရှိတဲ့အိမ်တွေ စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး ၃သောင်း တောင်းတယ်။ ထွေအုပ်ကကောက်ခိုင်းတာတဲ့ ကျောင်းသားတွေပါ စစ်မှုထမ်းစာရင်းထည့်ဖို့ ပြောလို့လာကောက်ဆိုပြီး အမည်တွေယူသွားတယ်။ သူတို့ ညွှန်ကြားချက် အရအသက်၁၄နှစ် ကျောင်းသားတွေပါ စစ်မှုထမ်းစာရင်းထဲ အမည်ထည့်တယ်ပြောပါတယ်။ သုံးဆယ် တောင်ပန်းဆွဲအုပ်စု အနောက်သာယာကုန်းရွာက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားကို စစ်ခွေးတွေက ညဘက် အိမ်ပေါ်တက်ပြီး ဆွဲသွားတာ သူ့မိဘတွေနဲ့ အဆက်သွယ်ရဖို့ ကြိုးစားနေတာ အခုထိ မရသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ရွာ အုပ်ချုပ်ရေးမှူး၏တူဖြစ်သူ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ အကြမ်းဖက် စစ်တပ်ထံ လိုက်ထုတ်နေစဉ် အသက် ၁၆ နှစ်အရွယ် ၎င်း၏ သားဖြစ်သူကိုပါ စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်ဆွဲဖမ်းဆီးသွားသော သားဖြစ်သူနှင့် တူ ဖြစ်သူကို လင်းလွန်းပင်ရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် သိန်း ၇၀ ဖြင့် လိုက်ထုတ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၁၇ ရက်နေ့က အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ရွာက အုပ်ကြီးတူ ပေါ်တာဆွဲခံရလို့ အုပ်ကြီးက လိုက်ထုတ်နေတုန်း သူ့သားကိုပါ စစ်ခွေးတွေက ပေါ်တာဆွဲသွားတယ်။ သိန်း၇၀ နဲ့လိုက်ထုတ်တာ ပြန်မလွှတ်ပေးပါဘူး။ စစ်ခွေးတွေ လူအင်အားအရမ်းလိုနေလို့ မရမက ပေါ်တာဆွဲနေပြီး နောက်ပိုင်းငွေပေးရင်တောင် ပြန်မလွှတ်တော့ဘူးပြောပါတယ်။ အုပ်ကြီးသားက ၁၆ နှစ်ပဲရှိသေးတယ်။ သူ့တူက အသက် ၃၀ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ကျွဲမကိုင်းရွာမှ အသက် ၁၄ နှစ်အရွယ် မောင်မင်းအောင်သည် မင်းလှမြို့ပေါ်ရှိ ၄င်း၏ ဦးလေး နေအိမ်မှ ပြန်လာစဥ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးထားကြောင်း သိရသည်။

ထို့သို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ လိုက်လံ ထုတ်ယူခဲ့သော်လည်း ငွေကျပ် သိန်း ၆၀ မပေးနိုင်၍ ပြန်လွှတ်ပေးခြင်းမရှိဘဲ လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်တွင် အသက် ၂၀ အရွယ် မောင်သန့်ဇင်ထွန်းသည် စားသောက် ဆိုင်တွင် စားပွဲထိုးနေစဉ် စစ်တပ်က စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခြင်းဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ တွင် တပ်သားသစ်အဖြစ် စစ်သင်တန်းတက်ရောက်ရမည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။

“မြောင်းမြမှာ လူငယ်တွေ တော်တော်များများ တပ်သားသစ်အဖြစ် ပေါ်တာဆွဲခံရပါတယ်။ မောင်သန့်ဇင်ထွန်းကတော့ အမေကို ရှာကျွေးနေတဲ့ကလေး ပါ။ အသက် ၂၀ပဲရှိပါသေးတယ်။ အမေကြီးက ဦးနှောက်သိပ်မကောင်းလို့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ပြီး ရှာကျွေးနေတာ။ မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်မှာနေပါတယ်။ သူ့အမေက ဒေါ်ချိုမာနဲ့ အဖေက ဦးခလူးပါ။ မိသားစု စီးပွားရေးအဆင်မပြေလို့ စား သောက်ဆိုင်မှာ စာပွဲထိုးလုပ်နေရင်း စစ်တပ်က ဝင်ဖမ်းသွားတာပါ” ဟု ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ဧရာ၀တီတိုင်း ၊ ဓနုဖြူမှ ရန်ကုန်မြို့သို့ ခရီးသွားနေသော ဖခင် ဦးသန်းအောင်နှင့် မိခင် ဒေါ်အေးစန်းမိုးတို့၏ သားဖြစ်သူ မောင်အောင်မျိုးမြင့်(ခ)မောင်မိုးဆွေသည် ရန်ကုန်သို့ ရောက်ရှိသည်ဟု အဆက်အသွယ် ရရှိပြီးနောက် ပျောက်ဆုံးသွားကြောင်း၊ စစ်တပ်၏ ပေါ်တာဆွဲမှု ခံရဖွယ်ရှိပြီး လက်ရှိအချိန်အထိ အဆက် အသွယ် မရရှိတော့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ အနောက်ခြမ်း အောက်ကျောင်းကျေးနေ အသက် ၂၇ နှစ်အရွယ် မောင်နိုင်နိုင်းကို အကြမ်းဖက်စစ်ကောင်စီက အိမ်ပေါ်တက် ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ် ပျောက်ဆုံးနေကြောင်း မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၈ တွင် လူမရသဖြင့် နိုင်ငံတစ်ဝန်းတွင် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များနှင့် ပျောက်ဆုံးနေသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article