ဆားလင်းကြီး အခြေစိုက် Local PDF များ ပူးပေါင်း၍ လက်နက်ကြီး တပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီးနောက် မြို့ပေါ် စစ်စခန်း ၃ ခုကို စတင်တိုက်ခိုက်၊ စစ်တပ်က အထိနာပြီး နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အခြေစိုက် Local PDF များ ပူးပေါင်း၍ လက်နက်ကြီး တပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီးနောက် မြို့ပေါ် စစ်စခန်း ၃ ခုကို စတင်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဆားလင်းကြီး အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနှင့် မြို့နယ်ခန်းမ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲသည် နံနက် ၈ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး တော်လှန်ရေး ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားသောကြောင့် ချမ်းသာရပ်ကွက်ရှိ နေအိမ် ၁၆ လုံးကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“ခွေးစခန်းရယ် ခွေးတပ်စွဲထားတဲ့ ကံဆွယ်ကျောင်းနဲ့ ခန်းမကို ကျွန်တော်တို့ ၆၀ မမ ၊ ၈၀ မမ နဲ့ ၁၂၀ မမ လက်နက်ကြီး အလုံး ၁၀၀ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ လက်နက်ငယ်တွေနဲ့လည်း ရဲဘော်တွေက ခွေးခြံထဲထိ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ခွေးတွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်တော့ စစ်ခွေးတွေဘက်က အထိနာပြီး ပြည်သူပိုင် နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးလို့ ကျွန်တော်တို့ ရဲဘော်တွေ တိုက်ပွဲဖြစ်တဲ့ကြားကနေ ဝင်ရောက် မီးငြိမ်းပေးခဲ့ရပါတယ်။ ခွေးသေစာရင်းတော့ အခုထိတော့ မသိရသေးဘူး။ ပုံမှန်ဆို ကျွန်တော်တို့ အရင်တုန်းက ဆိုရင်တော့ သိတယ်။ အခုဟာကျတော့ မနေ့က တိုက်ပွဲဖြစ်ပြီး ခွေးတွေ တော်တော် ငြိမ်နေတယ်” ဟု ဆားလင်းကြီး အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို RoyalRoyal Brother၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) ၊ SPDF၊ ချင်းတွင်းဒိုင်းနမိုက်၊ ဇာနည်သွေး ၊ ပွဲတိုင်းကျော်၊ SoLoအောင်ကြီး၊ တောဘုရင်ဗိုလ်ယက္ခ၊ ဒေါင်းတမာန်-GZ၊ မျိုးဆက်သစ်-ကိုလေး၊ 5/Fighter Group၊ တောင်ပံနီ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး၊ ဒေါင်းဖိုက်တာ၊ အညာသားကြီး၊ ဖီးနစ်၊ အညာမြေဝေကြီး၊ မုံရွာတပ်ရင်း(၂၃)၊ ကမြင်းနီ(PDF)၊ မုံရွာအကျဥ်းဦးစီးဌာန၊ ပြည်သူအားလုံးရဲ့PK၊ BNRAခွဲ(၃)၊ BAD Tigers နှင့် Fighter 9 အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ Local PDF ၁၈ ဖွဲ့ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဆားလင်းကြီး အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ အဖြင့် စတင်ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်တပ်ကို စုပေါင်းအားဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို Local PDF များ ပူးပေါင်း၍ မြေပြင် တိုက်ပွဲများကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ပြီး စုပေါင်းအားဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲဖော်ဆောင်မှုများကို တစ်ဦးတစ်ဖွဲ့ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်မည်မဟုတ်ဘဲ တပ်ပေါင်းစု သဘောတူညီချက်ဖြင့် ဆုံးဖြတ်ကာ တိုက်ပွဲများ ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆားလင်းကြီး အခြေစိုက်က ၁၇ ရက်နေ့မှာ စတင်ဖွဲ့လိုက်တာ စဖွဲ့တုန်းက ၁၆ ဖွဲ့ပဲပါဝင်တယ်။ ၂ ဖွဲ့ ထပ်တိုးလာတော့ လက်ရှိ ၁၈ ဖွဲ့ရှိသွားပြီ Local PDF အားလုံးစုပြီး ဖွဲ့လိုက်တဲ့ အဖွဲ့ပါ။ ၁၉ ရက်နေ့မှာ ကျွန်တော်တို့ အားလုံး မဟာမိတ် အားလုံး လက်နက်ကြီး မဟာမိတ်ဖွဲ့စည်းပြီးတော့ ဆားလင်းကြီးမြို့ပေါ် ခွေးစခန်းတွေကို စတင် တိုက်ခိုက်ပါတယ်။ ကျွန်တော်တို့ နောက်ထပ် စစ်ဆင်ရေးတွေ လုပ်ဖို့လည်း ရှိပါသေးတယ်။ ပြည်သူတွေကို ပြောချင်တာကတော့ စစ်ခွေးတွေကို တိုက်ထုတ်နိုင်အောင်လို့ ကျွန်တော်တို့ ကြိုးစားသွားမယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့က တိုက်ပွဲတစ်ခုကို တစ်ဦးသဘောတူ အဲဒီလို၊ ဆုံးဖြတ်ချက်ချတာ မဟုတ်ဘူး။ ၁၈ဖွဲ့လုံးရဲ့ သဘောတူညီချက်နဲ့ပဲ နောက်ပိုင်း တိုက်ပွဲဖော်ဆောင်မယ်။ တပ်ပေါင်းစုမှာ မပါသေးတဲ့ တပ်ရင်းတွေ ကတော့ မပါဘူး။ KIA လက်အောက်ခံတွေ တပ်ရင်း လက်အောက်ခံ တပ်ရင်းခွဲတွေဆိုရင်တော့ မပါဘူး။ အခုက Local PDF တွေပဲ စုဖွဲ့ထားတာပါ” ဟု ဆားလင်းကြီး အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။