ထိုင်းနိုင်ငံ ချွန်ပူလီ အထပ်သားစက်ရုံတွင် အလုပ်ပိတ်ရက်ရရှိရေး ၊ အချိန်ပိုကြေး ရရှိရေးနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးကုန်ကျစရိတ် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၄၄၀၀ ကျော် တောင်းခံမှု လျှော့ချရေး မြန်မာအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ ချွန်ပူလီမြို့ရှိ HOEN FONG HOME LIVING TECHNOLOGY ကုမ္ပဏီ၏ အထပ်သားစက်ရုံ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ တရားဝင်အလုပ်ပိတ်ရက်များ ပိတ်ပေးရေး၊ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့်အတွက် အချိန်ပိုကြေးမပေးမှု၊ အလုပ်လုပ်ခွ့် သက်တမ်းတိုးရာတွင် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၄၄၀၀ အထိ ကောက်ခံနေမှုကို လျှော့ချပေးရေး စုပေါင်း၍ ဆန္ဒပြနေကြကြောင်း သိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာအလုပ်သမား ၆၀၀ ကျော် စုပေါင်း၍ ဆန္ဒပြနေကြခြင်းဖြစ်ကာ အလုပ်ပိတ်ရက်များ မပိတ်ပေးခြင်း၊ နားရက်များ မပေးခြင်း၊ စာရွက်စာတမ်းကြေးများ မတရားကောက်ခံခြင်းများ အပါအဝင် အတင်းအကျပ်အလုပ်ခိုင်းစေနေခြင်းရပ်တန့်ရန် တောင်းဆိုးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပီပိုင် အလုပ်ပိတ်ရက်ကို ပိတ်မပေးလို့ပါ။ ပြီးတော့ အလုပ်သမားတွေအတွက် နားရက်တွေရော မပေးလို့။ စာရွက်စာတမ်းဖိုးတွေလည်း မတရားကောက်နေလို့ လူတစ်ဦးကို ထိုင်းဘတ် ၁၄၄၀၀ ကောက်တာ။ ကျွန်တော်တို့မှာ သူဌေးလည်းရှိတယ်။ ပကန်စံခွန်လည်း ရှိတယ်။ အဲဒါကို ၁၀၀၀၀ တောင်းတယ်။ သူများ စက်ရုံတွေမှာ ၆၅၀၀ တည်းပါ။ MOU နဲ့ လာတဲ့ သူတွေဆိုလည်း မြန်မာပြည်က တစ်မျိုး ထိုင်းကိုရောက်လာတော့ တစ်မျိုး ခိုင်းတာ” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အဆိုပါ စက်ရုံသည် အထပ်သား စက်ရုံဖြစ်ပြီး အလုပ်သမားများကို အလုပ်ခိုင်းရာတွင်လည်း ပိုက်ဆံကို နေ့စားသဘောသာ ပေး၍ အလုပ်ခိုင်းရာတွင်မူ ပုတ်ပြတ်သဘောမျိုး ခိုင်းစေကြောင်း ဆန္ဒပြအလုပ်သမားများ ထံမှ သိရှိရသည်။
ပီပိုင်အလုပ်ပိတ်ရက်ဆိုသည်မှာ ထိုင်းနိုင်ငံ အစိုးရက တရားဝင်ပိတ်ပေးသည့် ရက်များကို ဆိုလိုခြင်းဖြစ်ပြီး အဆိုပါ အလုပ်ပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်မပိတ်ပေးဘဲ အတင်းကြိမ်းမောင်းကာ အလုပ်ဆင်းခိုင်းခြင်းဖြစ်ကြောင်း၊ ဖက်လုံးပိတ်ရက်ဆိုသည်မှာ အလုပ်သမားများ တစ်နှစ်ရရှိရမည့် နားရက်များကို ဆိုလိုခြင်းဖြစ်ပြီး ဖက်လုံးနားကြေးအတွက်လည်း ပိုက်ဆံထပ်ဆောင်းပေးခြင်းမရှိဘဲ အလုပ်ခိုင်းစေကာ အလုပ်သမားဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောဆိုသည်။