ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ စစ်သား အလောင်းများကို ဧရာဝတီမြစ်ထဲသို့ ပစ်ချခဲ့
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ခန့်နှင့် ၁၁ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာပျူစောထီးရွာကို သံခွန်များဖြင့် စစ်ကူလာသော အကြမ်းဖက် စစ်သား အင်အား ၇၀ ခန့်သည် နွယ်နီကျွန်းကျေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် စောင့်ကြို၍ ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲ ၂ ကြိမ်သည် ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး ကျည်ခဲယမ်းများ လုံခြံလောက်မှုမရှိသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး သေနတ်များ ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကူ စစ်ကြောင်းသည် အထိနာပြီး ပြန်လည် ဆုတ်ခွာချိန်တွင် သံခွန် သင်္ဘောပေါ်မှ စစ်သား အလောင်းများကို ဧရာဝတီမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း သိရသည်။
“မင်းရွာကို စစ်ခွေးတွေ စစ်ကူလာတာကို ကျွန်တော်တို့ ဖြတ်တိုက်ခဲ့တာ စစ်ခွေး အလောင်းတွေကို ဧရာဝတီဲမြစ်ထဲ ချပစ်ခဲ့တာကို ရဲဘော်တွေ တွေ့မြင်ခဲ့တယ်။ ကျွန်တော်တို့ မင်းရွာပျူစောထီးရွာကို သိမ်းဖို့လုပ်တာ တော်လှန်ရေး တပ်ဖွဲ့တွေ တီထွင်ထားတဲ့ ဗုံးသီးတွေ မကွဲလို့ မသိမ်းနိုင်တာ” ဟု မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်၊ အမှတ် ၆ တပ်ရင်းနှင့် အခြားသော မဟာမိတ်များ၊ ဒရုန်းအဖွဲ့များ ပါဝင်ခဲ့ပြီး တပ်ခွဲ (၂) ဆားတောင်မိုးကြိုးစစ်ကြောင်းနှင့် တပ်ခွဲ (၃) လက်ရုံးတပ်ဖွဲ့တို့လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။