ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် အပါ အဝင် မြို့နယ်များ တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ များပြားလာနေပြီး ရဲများကိုပါ တပ်သားသစ် ရှာဖွေ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီအချိန် သာကေတမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက် သာယာဝတီ ၅လမ်းအတွင်းသို့ စစ်တပ်နှင့်ရဲများက ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး အိမ်ရှေ့ထွက်ထိုင်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ ဖမ်းဆီးခံရသော လူငယ်မှာ စစ်အရာရှိမိသားစုမှဖြစ်ပြီး အဘွားဖြစ်သူက ၎င်း၏ မြေးဖြစ်သူကို ဖမ်းဆီးသော စစ်သားနှင့်ရဲများကို အိမ်ရှေ့ထွက်၍ ဆဲဆို သောင်းကျန်းကြောင်း၊ ဖမ်းဆီးခံ လူငယ်သည် တပ်မိသားစုအသိုင်းအ၀ိုင်းမှ ဖြစ်ကြောင်း သိရှိသောအခါမှ စစ်တပ်နှင့်ရဲက ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
” အိမ်ရှေ့ထွက်ထိုင်နေတဲ့ အသက် ၂၀ကျော် အရွယ် ကလေးကို ပေါ်တာဝင်ဆွဲတယ်။ သေနတ်တွေနဲ့ထောက်တယ်။ ဖြစ် ချင်တော့ အဲ့ကလေးက စစ်ဗိုလ် မိသားစုရဲ့မြေးဖြစ်နေတယ်။ အဲဒီလို ဝင်ဖမ်းနေတုန်း အဲဒီကောင်လေးရဲ့ အဘွားက ထွက်လာပြီး ရဲတွေကိုဆဲတယိ။ အဘွားကြီးရဲ့ သားက ရေတပ်က ဗိုလ် ၊သမီးကလည်း စစ်တပ်ထဲက အရာရှိတွေ။ တပ်မိသားစုအရာရှိတွေမှန်း သိတော့မှ စစ်တပ်နဲ့ရဲက ဖမ်းထားတဲ့ ကောင်လေးပြန်လွှတ်ပေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာ ၂၀ရက်နေ့ ည ၇နာရီ ဝန်းကျင်အချိန် သာကေတ အဝိုင်းအနီးတွင် အချုပ်ကားတစီးရပ်ထားပြီး သေနတ်လွယ်ထားသည့် ရဲ ၂ ဦးက ဖြတ်သွားဖြတ်လာ လူငယ်များကို ဖမ်းဆီးသွားခဲ့ကြောင်း၊ သာကေတမြို့နယ်တွင် ၁ ရက်လျင် အနည်းဆုံး လူငယ် ၁၀ဦးမှ ၂၀ကြား ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွာရခြင်း ခံနေရကြောင်း ရဲ သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ဆိုသည်။
” သားလုပ်သူ အလုပ်က ပြန်မလာသေးရင် စိတ်ကပူနေရပြီ။ ညမှောင်တာနဲ့ ကလေးတွေကို ဖုန်းဆက် ခေါ်ပြီး အိမ်ထဲက အပြင် မထွက်ခိုင်း တော့ဘူး။ရန်ကုန်မြို့ကြီးဆိုပေမယ့် လူငယ်တွေအတွက် လုံခြုံမှုမရှိဘူး။သူတို့က နည်းမျိုးစုံနဲ့ အကွက်ဆင်ဖမ်းနေတာ သူတို့ထောင်ချောက်ထဲ ဝင်သွားရင် ပြန်လာဖို့မသေချာတော့ဘူး” ဟု မိဘတစ်ဦးက ပြောဆိုသည်။
ထို့အတူ သာကေတမြို့နယ် ၆ ရပ်ကွက်တွင် ကားဝပ်ရှော့အတွင်း အလုပ်လုပ် နေသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးမှုမှာ ဒီဇင်ဘာ ၁၈ရက် နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှုးများက လူမိုက်များ၊ဘိန်းစားများ နှင့် ခိုးဆိုးလုယက် သူများကို ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံအဖွဲ့များ ဖွဲ့စည်းကာ အကြမ်းဖက်စစ်ကောင်စီအတွက် ပေါ်တာဆွဲဖမ်းဆီးခြင်းဖြင့် လူရှာပေးနေရကြောင်း၊ အဆိုပါ ပြည်သူ့လုံခြုံရေး အဖွဲ့များမှာ ဘေးတွဲများဖြင့် ည၇နာရီခန့်လောက်မှာ မှောင်ရိပ်ခိုပြီး လူငယ်များ အသွား အပြန်ကို စောင့်ဖမ်းနေကြကြောင်း ရန်ကုန်မြို့ ပြည်သူတစ်ဦးက ဆိုသည်။
” အရင်တုန်းက မဲနှိုက်ခိုင်းတယ်။ မဲပေါက်လို့ မလိုက်ချင်ရင်ငွေပေးလို့ရတယ်။ ဖမ်းမိရင်ငွေနဲ့ ပြန်ရွေးလို့ရတယ်။ အခုဟာက သူတို့မှာ လူကို လိုနေတာ။ရဲစခန်းတွေမှာ ရဲတယောက်ကို လူဘယ်နှစ်ယောက်ရှာပေးရမလဲဆိုတာမျိုးတွေပါ အမိန့်ထုတ်လာတယ်။ တပ်သားလိုအပ်ချက်တွေများလာတော့ လူငယ်တွေကို မူးယစ်ဆေးဝါးပစ်ပြီး ထောင်ဖမ်းတာပါလုပ်လာတယ်။” ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ထို့အတူ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အသက်၂၀ ကျော်လူငယ်တစ်ဦးကို စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းတက်ရောက်ရန် နေအိမ်သို့ စစ်တပ်က လာရောက်ခေါ်ဆောင်သွားပြီး နိုဝင်ဘာ ၂၉ရက်နေ့ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲအပြီး ရှမ်းမြောက်ဒေသရှိ ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ လူငယ်၏ မိခင်ဖြစ်သူက ဆိုသည်။
” မဲနှိုက်ခေါ်တာ မဟုတ်ဘဲ ကျွန်မသား ကို အိမ်မှာလာဖမ်းတယ်။ ကလေး ကိုတွေ့တော့ စစ်သင်တန်း တက်ရမယ်ဆိုပြီး တစ်ခါ တည်းခေါ်သွားတယ် ။အဝတ်အစားတောင် ၃စုံလောက်ပဲ ပါသွားတယ်။သင်တန်း ဆင်း ပြီးတာနဲ့ မန္တလေး နန်းတွင်းထဲ ပို့လိုက်ကြတယ်။ အမှတ်စဉ် ၅ မှာ လူ၂၅၀ လောက်ရှိတယ်လို့ ဖုန်းအဆက်အသွယ်ရတော့ပြောပြတယ်။ ရခိုင်နဲ့ ရှမ်းမြောက်ဘက် ခွဲပို့တယ်ပြောတယ်။ သား ကတော့ ရှမ်းမြောက်ကို သွားရမယ်ပြောပြီးကတည်းက အဆက်အသွယ်မရတော့ဘူး “ ၎င်းက ဆို သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၈ မှ စတင်ပြီး ငွေကြေးပေး၍ တပ်သား လူစားထိုးခြင်းများ မလုပ်ဆောင်ရန်နှင့် စစ်မှုထမ်းအပတ်စဉ် ၉ နှင့် ၁၀ အတွက် ကြိုတင် လူယ်များ စုဆောင်းထားကြရန် အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှ ကင်းလှည့်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Agency ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar