31 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု” အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဇတ်လမ်းတွင် မယ်တော်ဟောင်စုက အမြှောက် ကြိုက်၊ အချော့ကြိုက်၊ ပရုတ်ဆီဖြင့် ဆေးလိမ်ကုသသူ၊ အခြွေအရံများဖြင့် သွားလာသူအဖြစ် ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။

၁၅ မိနစ်ဝန်းကျင်ကြာမြင့်သော “မယ်တော်ဟောင်စု” ဇတ်လမ်းသည် ပရုတ်ဆီကြော်ငြာသော ဇတ်လမ်းဖြစ်သည်ဟု ဖြူဖြူထွေးက တုံ့ပြန်ထားသော်လည်း ဇတ်လမ်း၊ ဇတ်ကွက်နှင့် လှုပ်ရှားဟန်များမှာ ဒေါ်အောင်ဆန်းစုကြည်ပုံစံ လိုက်လံတုပကာ အခြွေအရံများဖြင့် သွားလာသည့်ပုံစံများကိုပါ လိုက်လံတုပ သိက္ခာချရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ပြည်သူများက ဝေဖန်ကြသည်။

“သူက ပရုတ်ဆီကြော်ငြာလို့ပြောပေမယ့် ပရုတ်ဆီကို အဲဒီလို မယ်တော် နာမည်တပ်ပြီး ကြော်ငြာတာလား။ မယ်တော်ဟောင်စု လို့ နာမည်ပေးထားတယ်။ မယ်တော်ဆိုတာ အမေ။ ဟောင်တာက ခွေး။ စုဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်နေတာ။ ဟောင်တဲ့ စုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာမျိုး ရည်ညွှန်းတယ်လို့ ခံစားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပြီးစော်ကားလိုစိတ်အပြည့်နဲ့ ရိုက်ထားတယ်ဆိုတာ တစ်ကားလုံး ကြည့်လိုက်ရင် သိသာပါတယ်” ဟု အဆိုပါ ဇတ်ကားကို ကြည့်ရှုခဲ့သော ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသားတစ်ဦးကလည်း ဖြူဖြူထွေး၏ မယ်တော်ဟောင်စု ဇတ်လမ်းမှာ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခြင်းဖြစ်ပြီး လက်ရှိ ခေတ်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်မှုဟု ဆိုနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ပရုတ်ဆီနာမည်က ဟောင်စုလို့ အသံထွက်ရင်တောင် နားလည်လို့ရပါတယ်။ အခုက ဟောင်စု ပရုတ်ဆီကြော်ငြာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဝတ်စားတယ်။ ပန်းပန်တယ်။ တစ်နိုင်ငံလုံးက အမေလို့ မြတ်မြတ်နိုးနိုးခေါ်တဲ့ စကားလုံးကို မယ်တော်အဖြစ် သုံးပြီး မယ်တော်ဟောင်စု ဆိုပြီး နာမည်ပေးလိုက်တယ်။ ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဆိုပြီး နာမည်ပေးတယ်။ ခြံစည်းရိုးကြီးနဲ့ ပရုတ်ဆီက ဘာဆိုင်လဲ။ အမေစုပုံဝတ်ပြီး မယ်တော်ဟောင်စုဆိုပြီး လုပ်နေတဲ့အပြင် ၂လုံးဂဏန်းပေးတော့လဲ ၇၉ ဆိုပြီး အမေစုအသက်ကိန်းဂဏန်းကို ပုံအောထိုးဖို့ ပြောတာက ရည်ရွယ်ချက်ရှိရှိပါ။ ကျနော်တို့ မြန်မာတွေမှာ ကျနော်တို့ မကျေနပ်တဲ့ လူတစ်ဦးသေသွားလို့ရှိရင် သူ့အသက်ကို ဝမ်းသာအားရ ချဲထီး ထိုးကြတဲ့ ဓလေ့လည်းရှိတယ်။ အမေစု အသက် ၇၉ နှစ်ရောက်တော့မှာဖြစ်တဲ့အပြင် ၇၉ ကို ချဲထိုးခိုင်းတာက သေတော့မယ် ချဲထိုးလိုက်လို့ ပြောတာပဲ” ဟု ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသား တစ်ဦးက ရှင်းပြသည်။

ဖြူဖြူးထွေးက ဒီဇင်ဘာလ ၂၃ ရက်နေ့ ဇတ်လမ်းကို ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် တင်ပြီးနောက် ၄ ကြိမ်တိတိ ဇတ်လမ်းခေါင်းစဉ်ကို တည်းဖြတ်ခဲ့ပြီး ပထမအကြိမ် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” ၊ ဒုတိယအကြိမ်တွင် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀ ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ တတိယအကြိမ်တွင် “မယ်တော်ဟောင်စုရဲ့ ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ ၄ ကြိမ်မြောက်တွင် ဟောင်စု ဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ဟု အကြိမ်ကြိမ်ပြင်ဆင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကလည်း ဖြူဖြူထွေးက ဆန္ဒပြပွဲများတွင် မပါဝင်သည့်အပြင် ၎င်း၏ လူမှုကွန်ရက်တွင် လာရောက် ဝေဖန်သော ကွန်းမန့်များကို “နိုင်ငံရေးနဲ့ ငါနဲ့ဘာဆိုင်လို့ cmt လာမန့်နေကြတာလဲ… (၁) နှစ်တည်း အာဏာထိမ်းတာကို နင်တို့က ဘာထဖြစ်နေကြတာလဲ” ဟု တုံ့ပြန်ရေးသားကာ စစ်အာဏာသိမ်းမှုကို ထောက်ခံသည့်သဘောမျိုး ပြောဆိုခဲ့ဖူးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article