25 C
Yangon

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုလတ်က နေအိမ်တိုင်းမှ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၂၅၀၀၀ ကောက်ခံနေပြီး ငွေပေးဆောင်ထားသော နေအိမ်မှ လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ ထပ်မံငွေညှစ်နေကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ ဆွေမျိုးမိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကူဆည်စုကျေးရွာ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး အောင်ကိုလတ် ဦးဆောင်မှုဖြင့် ဆည်စုကျေးရွာ ရာအိမ်မှူး ဝင်းတင်၊ ဂွေးတောက်ရိုး ကျေးရွာ ရာအိမ်မှူး နိုင်ဝင်းနှင့် မကျီးကုန်းကျေးရွာ ရာအိမ်မှူး မင်းအောင်တို့ ပူးပေါင်းကာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နေအိမ်တိုင်းကို စစ်မှုထမ်းကြေး အပတ်စဉ်တိုင်း အတွက် လစဉ် ငွေကျပ် ၂၅၀၀၀ တောင်းခံခဲ့ကြောင်း၊ ယင်းနောက် လစဉ် ကောက်ခံနေသော စစ်မှုထမ်းကြေး ပေးဆောင်နေသော နေအိမ်များမှ လူငယ် ၇ ဦးကို ထပ်မံ ဖမ်းဆီးခဲ့ပြီး ငွေထပ်မံ ညှစ်နေကြောင်း သိရသည်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသူများသည် မန်ကျည်းကုန်းရွာ ဦးသဒ္ဓမ္မ မဟာစန္ဒာရုံကျောင်းတိုက်အတွင်းမှ ပန်းရံ အလုပ်သမား ၃ ဦး၊ ဂွေးတောက်ကုန်းကျေးရွာမှာ ၁ ဦး၊ ပိတောက်ကုန်းကျေးရွာမှ ရွှေကြာပင်ရပ်ကွက်ရှိ ကားဝပ်ရှော့များတွင် အလုပ်ဆင်းနေသည့် မောင်ဆန်းအောင်၊ မောင်အောင်နိုင်ဝင်းနှင့် ဝင်းစိုက်ပျိုးရေး နဂါးမောက်ခြံတွင် အလုပ်လုပ်နေရင်း ပေါ်တာဆွဲခံရသည့် မောင်ဖိုးပြည့်တို့ ဖြစ်ကြောင်း သိရသည်။

ယင်း လူငယ် ၇ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ကူဆည်စုကျေးရွာ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး အောင်ကိုလတ်က လူငယ်များကို ငွေကျပ် သိန်း ၁၀၀ ကျော် ဖြင့် ပြန်လာရွေးရန် မိသားစုဝင်ထံမှ ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ လစဉ် စစ်မှုထမ်းကြေး ငွေ ၂၅၀၀၀ ပေးထားပါလျက်နဲ့ မောင်အောင်နိုင်ဝင်း ၊ မောင်ဆန်းအောင်တို့ ချောဆွဲခံရတယ်။ မောင်ဆန်းအောင် ချောဆွဲမခံရခင် ၁၅ ရက် အလိုမှာ အုပ်ချုပ်ရေးမှူး အောင်ကိုလတ်က စစ်မှုထမ်းမပါအောင် လုပ်ပေးမယ် ၁၂ သိန်း ပေးလို့ တောင်းတယ်။ မောင်ဆန်းအောင်က မပေးလို့ ချောဆွဲခံရတယ်။ သိန်း ၁၀၀ ပေးရင် ပြန်ထုတ်ပေးမယ် ပြောတယ်။ နောက် မောင်အောင်နိုင်ဝင်း မိဘတွေကိုတော့ သိန်း ၅၀ ‌ပေးရန် ပြန်ထုတ်ပေးမယ် ပြောလို့ မောင်အောင်နိုင်ဝင်း အဖေ ဦးဖိုးသာအောင်က လယ်မြေပေါင် ငွေတိုးယူပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က အောင်ကိုလတ်ကို သိန်း ၅၀ ပေးလိုက်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အသက် ၂၉ နှစ်အရွယ် မောင်ပြည့်စုံအောင်သည် နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီကတည်းက အပြင်သွားစဉ် ပျောက်ဆုံးသွားခဲ့ပြီး ၁ လခွဲနီးပါး ကြာမြင့်လာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

မုံရွာမြို့တွင် စစ်ကောင်စီက လူငယ်များကို မကြာခဏဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ထဲထည့်သွင်းနေကာ သက်ဆိုင်ရာ မိဘဆွေမျိုးများကိုလည်း အကြောင်းကြားမှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – မုံရွာတွင် ပျောက်ဆုံးနေသော မောင်ပြည့်စုံအောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာတွင် ပျောက်ဆုံးနေသော မောင်ပြည့်စုံအောင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article