ရန်ကုန်၊ ဒီဇင်ဘာ ၂၆
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဥယျာဉ်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး ရုံးပင်ကျေးရွာသား ဦးမောင်ဆန်းကို သတ်ဖြတ်ပြီး အလောင်းတွင် မိုင်းဆင်ထားခဲ့၍ သဂြိုလ်မရဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း နတ်မောက်မြို့နယ် ဥယျာဥ်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့်အကွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာစဉ် ရုံးပင်ကွက်ကျေးရွာသား အသက် ၆၀ နှစ်အရွယ် ဦးမောင်ဆန်းသည် ဆိတ်ကျောင်းနေရာမှ စစ်ကြောင်းနှင့် တည့်တည့်တိုးခဲ့ကြောင်း၊ စစ်တပ်က ဦးမောင်ဆန်းကို ခေါ်ယူမေးမြန်းပြီး သတ်ဖြတ်လိုက်ကြောင်း၊ ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် အလောင်းတွင် မိုင်းများစွာ ဆင်ထားခဲ့ကြောင်း၊ အလောင်းကောက်ယူ သဂြိုလ်ပါက ပေါက်ကွဲစေရန် မိုင်းများ ဆင်ထား၍ ကောက်ယူ သဂြိုလ်၍ မရဖြစ်နေကြောင်း သိရှိရသည်။
” ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို စစ်တပ်က အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမှာ မိုင်းဆင်ထားခဲ့တယ်။ အလောင်းလာကောက်သူများကို ဒုက္ခရောက်အောင် မိုင်းထောင်ထားတာ။ စစ်ကြောင်းကတော့ ထွက်သွားပြီ ရွာစဥ်လှည့်ပြီး ကျေးရွာနေပြည်သူများ အကြောင်းမဲ့ သတ်ဖြတ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်မောက်မြို့နယ်ကျေးရွာများတွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ပြည်သူ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar