26 C
Yangon

ရန်ကုန် နှင့် ပဲခူးတွင် စစ်တပ်က ပေါ်တာဆွဲမှုကြောင့် လူငယ် ၁၀ ဦး ကျော် ဖမ်းဆီးခံရသည့်အပြင် ဆယ်ကျော်သက်အရွယ် လူငယ်အများအပြားလည်း ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်နှင့် ပဲခူးတိုင်း မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၁၀ ဦးကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာမြို့နယ်၊ ဓမ္မာရုံးမှတ်တိုင်အနီးရှိ ဓမ္မာရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဌ ရပ်ကွက်ထဲထိ ဝင်ရောက်ပြီး လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မြောက်ဥက္ကလာ ဓမ္မာရုံ မှတ်တိုင် ဓမ္မာရုံမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မနေ့က မွန်းလွဲပိုင်းမှာ ရပ်ကွက်ထဲထိ ဝင်ဆွဲတာ ကောင်လေး ၂ ဦး ပါသွားတယ်။ လက်နက်တွေ ကိုင်ဆောင်ပြီး ပေါ်တင်ကို ပေါ်တာဆွဲတာ ဌ ရပ်ကွက် နှင်းဆီဘက်က လူငယ် ၂ ဦး ပါသွားတယ်လို့ သိရတယ်။ လမ်းပေါ်မှာတွေ့ တန်းဆွဲတာ ကလေးတွေက သားတို့ ကို ဘာလို့ ဖမ်းတာလည်း မေးတော့ မင်းတို့ကို ပေါ် တာ ဆွဲ တာလို့ပြောပြီး ဖမ်းသွားတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဂ ရပ်ကွက်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်စီးကားဖြင့် ပတ်ပြီး ဥက္ကလာလမ်းပေါ်ရှိ မဟာနွယ် လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ကာ အမျိုးသား ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် မင်းလှမြို့အထွက် မဟာစည်ရိပ်သာအနီး ကားလမ်း၊ ညောင်ဝင်းရွာနှင့် သရက်ပင်ဆိပ်ရွာ မှ လူငယ် ၈ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမှ ရန်ကုန်သို့ ပြန်လာသည့် အသက် ၂၂ နှစ်အရွယ် ကိုစိုးထက်ကျော်လည်း လက်ရှိအချိန်အထိ ပျောက်ဆုံးနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

” ၅ ရက်နေ့မှာ ကိုစိုးထက်ကျော်က ညောင်တုန်းကနေ ရန်ကုန်ကို အပြန်မှာ ပျောက်သွားတာ အခုထိ အဆက်သွယ်မရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သင်္ဃန်းချောင်းရွာမှ ၉ တန်းကျောင်းသား အသက် ၁၄ နှစ်အရွယ် မောင်ကောင်းခန့်နိုင်သည်လည်း ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျူရှင်သွားမည်ဟုဆိုပြီး နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဓာတ်ပုံ – မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေသည့် အသက် ၂၂ နှစ်အရွယ် ကိုစိုးထက်ကျော်နှင့် အသက် ၁၄ နှစ်အရွယ် မောင်ကောင်းခန့်နိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article