ရန်ကုန်၊ ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ ထင်သာမြင်သာရှိကြောင်း ၎င်းက ရှင်းပြသည်။
“တော်လှန်ရေးအားကောင်းတဲ့အခြားဒေသများနည်းတူ တနင်္သာရီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း အရင်ကထက် ပိုမိုအချိတ် အဆက်မိလာပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်လာနိုင်ကြတယ်လို့ မြင်ပါတယ်။ TPLF အနေနဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ မူဝါဒနဲ့ ရည်မှန်းချက်တွေ တူညီမှုရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ ညီညွတ်ရေးမှုကို လက်တွေ့ကျင့်သုံးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”။ဟု ၎င်းက ဆိုသည်။
ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) အနေဖြင့် လွတ်မြောက်သည့် ထားဝယ်ဒေသပေါ်ပေါက်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း၊ တနင်္သာရီတွင် မှီတင်းနေထိုင်သည့် လူမျိုးစုများ၊ ပြည်သူလူထုများ၊ တန်းတူရည်တူရှိရှိ ပါဝင်ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်တခုအဖြစ် ပြန်လည်တည်ထောင်ဖွဲ့စည်းရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ဖတ်စာအုပ်အတိုင်း အရိုးစွဲလာခဲ့တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း ၃ ခရိုင် ၊ မြို့နယ် ၁၀ ခုဟာ တနင်္သာရီ ဖြစ်တယ်… ဆိုတာကို သမိုင်းထဲမှာပဲ ထားခဲ့ကြပါ ။ ရိုးသားမှု ၊ ညီညွတ်မှု နဲ့ ဉာဏ်ပညာအမျှော်အမြင်ကို အခြေခံတဲ့ တနင်္သာရီရဲ့ အနာဂါတ်အိမ်မက် – Tanintharyi Vision ကို စုပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တနင်္သာရီရဲ့ အနာဂါတ်ကို တနင်္သာရီ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ် ပုံဖော်ထုဆစ်နိုင်တယ် ဆိုတာကို ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်” သူက ဆက်လက်ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်များက စုပေါင်း၍ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့နှင့်အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နိုဝယ်က “ ကံပေါက်ဒေသ၊ ရေကန်တောင်ပေါ်မှာရှိတဲ့ Microwave စခန်းဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ယခင်စစ်ဆင်ရေးများနည်းတူ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ဆင်ရေးအစီအစဉ်တွေကို စနစ်တကျ ကြိုတင်ရေးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အားလုံးစုပေါင်းတိုက်လို့ အောင်မြင်မှုရရှိတာဖြစ်ပါတယ်။ Microwave စခန်းသိမ်းပွဲမှာ စစ်ကောင်စီဖက်က အရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၆ ယောက်သေဆုံးခဲ့ပြီး အရှင်တစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ MA-11 ၃ လက်နဲ့ ကပစ 5.56 ကျည် ၅၇၈ တောင့် ၊ 60-MM ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့ 60-MM ကျည် ၁၁ တောင့် ၊ 40-MM ကျည်
၃၆ တောင့် ၊ ရှေ့ထွက်မိုင်း -လိပ်ခုံး ၃ လုံးနဲ့ ကျည်ဘောက်တွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာ ၁ လုံးတို့ကိုလည်း သိမ်း ဆည်းရမိခဲ့ပါတယ်”ဟု သူက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းတွင် မြို့ဧရိယာမှလွဲ၍ ကျေးလက်ဒေသများကို နယ်မြေစိုးမိုးနိုင်မှုမရှိတော့ဘဲ စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက်ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar