ရန်ကုန်၊ ဒီဇင်ဘာ ၂၇
မကွေးတိုင်း၊ ကမ္မမြို့ပေါ်တွင် ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်စွဲထားသော ကမ္မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကမ္မဈေးရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးယူပြီး ကမ္မရဲစခန်းကို ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသောလည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကမ္မမြို့ပေါ်ဝင်ရောက် စီးနင်းပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်ခြင်းမရှိသည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ကျန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ စစ်ခွေးတွေက ကမ္မဈေး ဆိုင်ခန်းတွေက ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေ အပါအဝင် ဖုန်းတွေကို ခိုးယူသွားတယ်။ ၂၅ ရက်နေ့ကလည်း စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး မြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်ခြင်းမရှိတဲ့ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးတယ်လို့ သိရတယ်” ဟု ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကမ္မတပ်ပေါင်းစု၏ Droneအဖွဲ့ Three Brother Drone Force၊ Black Eagle Drone Force၊ ပေါက်ပကဖ ၏ Drone Team၊ ၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်ပကဖ၏ Drone အဖွဲ့၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်း Drone Team၊ မဟာမိတ် Drone အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများထံမှ ခိုးယူထားသွားသော ပစ္စည်းများကို ယူဆောင်၍ ကမ္မမြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar