30 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူပိုင် နွားလှည်းများကိုလည်း ခိုးယူပြီး စစ်ကြောင်း ထိုးရာ တစ်လျှောက် ယူဆောင်လာ

Must read

ဘုတလင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူပိုင် နွားလှည်းများကိုလည်း ခိုးယူပြီး စစ်ကြောင်း ထိုးရာ တစ်လျှောက် ယူဆောင်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၀၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကာ ပြည်သူပိုင် နွားလှည်းများကိုလည်း ခိုးယူပြီး စစ်ကြောင်း ထိုးရာ တစ်လျှောက် ယူဆောင်လာကြောင်း မုံရွာခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ တပ်ခွဲ ၁ (ရွာဇော်ကြီးတပ်ခွဲ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဘုတလင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ အတွင်းမှ ပြည်သူ အများအပြားကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် အရပ်သား ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ နွားလှည်း ၄ စီးကိုလည်း စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ယူဆောင်လာကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာအများအပြားမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူတွေကို ဆက်တိုက် ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်တယ်။ ပြည်သူပိုင် နွားလှည်းတွေကိုလည်း ယူဆောင်လာတယ်။ နွားလှည်းတွေပေါ်မှာတော့ သူတို့ ပစ္စည်းတွေ တင်ဆောင်လာတယ်။ ရွာတွေကို တော့ ဆက်တိုက် စီးနင်းပြီး မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်တယ်” ဟု မုံရွာခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ တပ်ခွဲ ၁ (ရွာဇော်ကြီးတပ်ခွဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် စီပါရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မွှောနှောက်ရှာဖွေနေကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မှ ကားများဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့ပေါ်မှ ပြည်သူများနှင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူ ၅၀ ကျော်ကို ဆက်တိုက် ဖမ်းဆီးပြီး လူသား ဒိုင်းပြုလုပ်ကာ ဇီးတော(န)ရွာ ၊ ရွှေချောင်းလည်ရွာ ၊ သရက်တိုရိုးရွာ နှင့် ကံသစ်ရွာများကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဘုတလင်မြို့ပေါ်ကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article