28 C
Yangon

စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်များကို အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် အကောက်ခွန်ကောက်ခံနေရာမှ အမေရိကန် ၁ ဒေါ်လာ ငွေကျပ် ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံ၊ အခွန်အခများအားလုံးအပေါ် ငွေလဲနှုန်းပြောင်းလဲကောက်ခံခြင်းဖြစ်

Must read

စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်များကို အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် အကောက်ခွန်ကောက်ခံနေရာမှ အမေရိကန် ၁ ဒေါ်လာ ငွေကျပ် ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံ၊ အခွန်အခများအားလုံးအပေါ် ငွေလဲနှုန်းပြောင်းလဲကောက်ခံခြင်းဖြစ်

🟥စက်သုံးဆီ အပါအဝင် ပို့ကုန်၊သွင်းကုန်များအားလုံး၏ စျေးနှုန်းများ အားလုံး ထပ်မံမြင့်တက်မည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက် စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်များကို အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် အကောက်ခွန်ကောက်ခံနေရာမှ သတ်မှတ် စျေးကွက်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ငွေကျပ် ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်း ယမန်နေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီ ၏ အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် သွင်းကုန်များ၊ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်များအားလုံးအပေါ် ဗဟိုဘဏ်၏ သတ်မှတ်စျေးကွက်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ အခွန်စည်းကြပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

“အရင်က ရည်ညွှန်းငွေလဲနှုန်းဖြစ်တဲ့ အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ နဲ့ ကောက် ခံနေရာကနေ သတ်မှတ်စျေးကွက်ငွေလဲနှုန်းဖြစ်တဲ့ အမေရိကန် ၁ ဒေါ်လာ ၃၅၈၈ ကျပ်နဲ့ ကောက်ခံမယ်လို့ ကြေညာတာပါ။ အဲဒီတော့ သွင်းကုန်တွေရော ပို့ကုန်တွေရော မူလ ထက် အကောက်ခွန်က ၇၀ ရာခိုင်နှုန်း မြင့်တက်သွားတာပါ။ အဲဒီအပေါ်မှာ စျေးနှုန်းတွေကလည်း ၇၀ ရာခိုင်နှုန်း လိုက်ပါ မြင့်တက်ရမှာပါ။ အရင်စျေးနှုန်းနဲ့တော့ မကိုက်ပါဘူး” ဟု UMFCCI မှ စီးပွားရေး သမားတစ်ဦးက ရှင်းပြသည်။

ထို့ပြင် စစ်ကောင်စီက ကောက်ခံမည့် အခွန်အခများအားလုံးအပါအဝင် အမေရိကန်ဒေါ်လာ အပေးအယူလုပ်ရမည့် ကိစ္စရပ်များအားလုံးတွင် ရည်ညွှန်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်အစား သတ်မှတ်စျေးကွက်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ငွေကျပ် ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းက ပြောဆိုသည်။

“တကယ်တော့ ငွေလဲနှုန်းကို စကစ ဘက်က ပြောင်းလဲသတ်မှတ်တာပါ။ ၁ ဒေါ်လာ ၂၁၀၀ နဲ့ တွက်နေတဲ့ဟာ မှန်သမျှကို အကုန်လုံး အမေရိကန် ၁ ဒေါ်လာ ၃၅၈၈ ကျပ်နဲ့ ပြောင်းလဲ သတ်မှတ်တာပါ။ အဲဒီတော့ စကစ ဘက်က ရစရာရှိတာတွေအကုန် ၁ ဒေါ်လာ ၃၅၈၈ ကျပ်နဲ့ ကောက်ခံမှာလို့ သိရပါတယ်။ ဒါက တကယ့်ကို အပြောင်းအလဲကြီးဖြစ်သွားတာ။ စကစ ဘက်က ငွေကြေး ဖောင်းပွမှုကို လက်ခံတာလည်းဖြစ်တယ်။ သူ့မှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ သောင်းချီရှိနေတာကို ဖြေရှင်းဖို့ ကြိုးစားတာပါ။ စျေးနှုန်းတွေကတော့ ထပ်ပြီး မြင့်တက်ဖို့ပဲရှိပါတယ်။ ကားစျေး၊ ဓာတ်ဆီစျေး၊ ဆေးဝါးစျေးနှုန်း အကုန်တက်မယ်” ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ထိန်းချုပ်မှု မရှိသော ပြင်ပစျေးကွက်တွင်မူ အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ကျပ် စျေးကွက်ပေါက်စျေး ဝန်းကျင်ရှိကြောင်း ၊ အဆိုပါ ပြင်ပစျေးကွက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးများ ထပ်မံ မြင့်တက်မည်ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article