28 C
Yangon

စစ်တွေမြို့ရှိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်မှ အမျိုးသမီး ၁ ဦး သေဆုံး

Must read

စစ်တွေမြို့ရှိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်မှ အမျိုးသမီး ၁ ဦး သေဆုံး

ရန်ကုန်| ဒီဇင်ဘာ ၂၈

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ၁ ဦး ထိခိုက်သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီခွဲအချိန် စစ်တွေမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ နှင့် ပွိုင့်ကမ်းနားလမ်းရှိ ရေတပ်ဌာနချုပ်က လက် နက်ကြီးများဖြင့် ပေါက်တောမြို့ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ လက်နက်ကြီးကျည်သည် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာသို့ ကျရောက်ပြီး အပြစ်မဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

“မနေ့ညက စစ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို ကျရောက်ပေါက်ကွဲပါတယ်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လက်နက်ကျည်စထိမှန်၍ သေဆုံးသွားရသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မြသိန်းဝေ ဖြစ်သည်။

စစ်ကောင်စီ အမြောက်တပ်ရင်းများသည် စစ်တွေမြို့ကနေ ပေါက်တောမြို့ဘက်သို့ လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်တွေမြို့-ပေါက်တောမြို့သည် ကုလားတန်မြစ် တစ်ဖက်တစ်ကမ်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးများမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာအပြင် ငပြီကျွန်းအလယ်ရွာနှင့် သရက်တောကျေးရွာဘက်သို့လည်း ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့အဝင်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်အား အာရက္ခတပ်တော် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့နှင့် ပေါက်တောမြို့ကြားရှိ ကုလားတန်မြစ်ဝတွင် ကင်းလှည့်နေသော စစ်ကောင်စီ စစ်သင်္ဘောများကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် အမြောက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မြသိန်းဝေ သေဆုံးနေစဉ်။ Photo- APM ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article