မြစ်ခြေမြို့တွင် စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ခုခွဲ၍ မြစ်ခြေမြို့အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက် လာကြောင်း၊ ထိုသို့ ဝင်ရောက်လာမှုကြောင့် မြစ်ခြေမြို့အနီး ကျေးရွာများဖြစ်သည့် အင်၀ိုင်း၊ မုန်းနတ်ကုန်း၊ ထန်းတောချောက်၊ ဖက်ပင် ၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ သရက်တော၊ တိုးချဲ့ ၁၂၃ ၊ ကြက်လျာ၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို အပါအဝင် ကျေးရွာ ၁၃ ခုထက်မနည်းမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်ရကြောင်း သိရှိရသည်။
“မြစ်ခြေကို စစ်ကြောင်း ၃ ခုခွဲပြီး ဝင်လာတာ။ ရွာပေါင်း ၁၃ ခုထက်မနည်းက ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်။ လက်နက်ကြီး ထိမှန်သေဆုံးသူတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင်စစ်ကြောင်းထိုးလာသော စစ်တပ်၏ ပစ်ခတ်မှုကြောင့် အင်း၀ိုင်းကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုသူရဌေး သေဆုံးသွားကြောင်း၊ စစ်တပ်က မြစ်ခြေမြို့နှင့် ကျေးရွာများရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်း လုယက်ခြင်း၊ နေအိမ်များကို အကြောင်းမဲ့ ဖျက်ဆီးခြင်းများကိုလည်း လုပ် ဆောင်နေကြောင်း သိရှိသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း စစ်တပ်က ဆက်လက်၍ စစ်ကြောင်းထိုး မှုများ လုပ်ဆောင်နေကာ ပြည်သူများမှာ ဆက်လက် စစ်ဘေးရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ သောက်ရေနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရှိရသည်။
” စစ်ကြောင်းက အင်အား ၅၀ ပါ သုံးကြောင်း စစ်ကြောင်းထိုးဝင်လာတယ်။ ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကူ စစ်ကား ၃ စီးလာတယ်။ အခုအချိန်အထိ စစ်ကြောင်းတွေက မြို့ပေါ်မှာ တပ်စွဲနေတယ်။ ” ဟု ဒေသပြည်သူက ဆက်လက်ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။