30 C
Yangon

ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု KNU က ရှုတ်ချ ၊ PNLA ဌာနချုပ်ရုံးကိုလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲပြန်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ကရင်ပြည်နယ်၊ ဒူးသထခရိုင်နှင့် မူတြော်ခရိုင်တို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော် အခမ်း အနားများကို အကြမ်းဖက်စစ်ကောင်စီတပ်က‌ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ် ချကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒူးသထူ ခရိုင်၊ ယိုကလားနှင့် ထီးဖဒိုထာအကြား နှင့် မူတြော် ခရိုင် နိုဖေါထီးကျေးရွာတို့ ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကျင်းပရာနေရာများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြု လုပ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုသည် ခေတ်သစ်မြန်မာသမိုင်းတလျှောက် အစိုးရအဆက်ဆက်၏ အသိအမှတ်ပြုမှု ကို ခံခဲ့ရသည့် ကရင် နှစ်သစ်ကူးပွဲတော်ကို အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ရည်ရွယ်ချက် ရှိရှိဖြင့် စော်ကား တိုက်ခိုက်လိုက်သည့် သမိုင်းဝင် သင်္ကေတ လက္ခာဏာ တရပ်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ကရင်လူမျိုးများအထွဋ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲ တော်အား ဂုဏ် သိက္ခာ ညိုးနွမ်းစေရန်၊ ပွဲတော်တက်ရောက်သူများအား သွေးစွန်းညစ်ထေး၍ သေကြေပျက်စီး စေရန် ရည်ရွယ်သည့်လုပ်ရပ်အဖြစ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက သတ်မှတ်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးများကို “ယဉ်ကျေးမှုထိန်းသိမ်းရန်တိုက်တွန်းသည်” ဟု ဟန်ပြ ပြောဆိုသော်လည်း ကရင်အမျိုးသားနေ့ အခမ်းအနားကို လေ ကြောင်းတိုက်ခိုက်မှုဖြင့် ၎င်းတို့လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့ကို စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားသော အဓိပ္ပါယ် ဖော်ဆောင်နေသည်ကို ပြသခြင်းလည်း ဖြစ်သည်ဟု KNU က ဝေဖန်သည်။

ယနေ့ ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲခြင်းများနှင့်အတူ မြန်မာနိုင်ငံကို စနစ် တကျ ဖျက်ဆီးနေသည့် အဓိကတရားခံမှာ လက်ရှိ စစ်တပ်သာဖြစ်ပြီး ကောင်းမွန်သောအနာဂတ်နှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် တပ်ဗိုလ်၊ တပ်မှူးများက ဦးဆောင်လျက် လက်ရှိအနေ အထား မှ ဖောက်ထွက်ကာ သမိုင်းသစ်ကိုဖန်တည်းကြရန် တာဝန်ရှိကြောင်း နားလည်ကြောင်း KNU ကပြောဆိုထားသည်။

အရပ်သားအစိုးရထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြည်သူလူထုကို အကာအကွယ်ပေးသည့် စစ်တပ် အဖြစ် အသွင်ပြောင်းရန် လိုအပ်သည်ကို နားလည်လက်ခံလျက် အနာဂတ်တွင် နိုင်ငံရေးနှင့် ပါဝင် ပတ်သက်မှု မရှိသည့် စစ်တပ်အခန်းကဏ္ဍ၏ အသွင်းပြောင်းခြင်းကို ဆွေးနွေးညှိနှိုင်း လက်ခံရန် လိုအပ်ပြီး စစ်သားများ ပီသစွာဖြင့် အမှားကို ဝန်ခံခြင်းနှင့်အတူ တာဝန်ယူမှုတာဝန်ခံမှုရှိစေမည့် အမှန်တရားနှင့်တရားမျှတမှုစနစ်ကို အတူတကွ အကောင်အထည်ဖော်ရေးကို လက်ခံဆွေးနွေးရန် လိုအပ်ကြောင်း KNU က ထောက်ပြထားသည်။

စစ်အာဏာရှင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ကြိုးပန်းနေကြ သည့် တော်လှန်ရေးအဖွဲ့များ၏ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်း စဉ် တွင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်အတွင်းမှ ပြည်သူကိုအမှန်တကယ်ကာကွယ် လိုသူများက တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်မှုလမ်း ကြောင်းမှ တာဝန်ရှိသော စစ်တပ်ကိုထူထောင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ကြပါရန် ဖိတ်ခေါ်ထားသည်။

ဆိုးဝါးသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) ပြစ်မှု မြောက်သည့် တိုက်ခိုက်မှုမျိုးကို (၂၇၆၄) ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပ သည့် အခါသမယ တွင် ပြုလုပ်ခဲ့သည့်၊ စစ်တပ် အင်စတီကျူးရှင်းက ရာဇဝတ်မှုမျိုးကျူးလွန်သည့် အဆင့်မျိုးမှ စစ်တပ် နိုင်ငံရေးတွင် မပါဝင်သည့် အခင်းအကျင်း၊ စစ်တပ်သည် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်နေမှုများ အတွက် တာဝန်ယူ၊ တာဝန်ခံသည့် အမှန်တရားနှင့် တရားမျှတမှုစနစ် ဖေါ်ထုတ်ခြင်းလုပ်ငန်းစဉ်များ တွင် ပါဝင်ခြင်းဖြင့် သမိုင်းဆိုးကို ပြုပြင်ကြပါရန် KNU ဗဟိုက ထုတ်ပြန်သည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ် မတော် -PNLA ဌာနချုပ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီ က ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေ ယာဉ် ဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ရာ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ ဒီမနက် ၁၁ နာရီအချိန်မှာပေါ့နော်၊ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူး။ အကြောင်း အရင်းမရှိပဲနဲ့ စစ်ကောင်စီက ကျနော်တို့ ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ် ပေါ့၊ ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့တာ၊ အဲဒီမှာ ဌာနချုပ်အဝန်းအဝိုင်းမှာရှိတဲ့ အများပြည်သူကို ဝန် ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးသွားပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ထိန်းချုပ်နယ်မြေအတွင်း အခြေပြုနေထိုင် နေသည်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တမင် အကြမ်း ဖက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – PNLA ရုံးချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆေးခန်းအဆောက်အအုံ ပျက်စီးသွားစဉ်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article