ရန်ကုန်၊ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် အာရှလမ်းမကြီးကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ် ကြောင်းတွင် အကြမ်းဖက် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားသောက်ခွင့်ရပြီး အောက်ခြေစစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားနေရကြောင်း အလင်းဝင်လာသူ စစ်သားများက ထုတ်ဖော်ပြောဆိုသည်။
KNU တပ်မဟာ ၆ နယ်မြေကို အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ အသက်သွေးကြောအတွက် အဓိကကျသော မြဝတီမြို့ နှင့် ကုန်သွယ်ရေး လမ်းကြောင်း ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် လက်နက်အင် အား၊ လူအင်အား တောင့်တင်းသော နိုင်ငံတော်အဆင့်ရှိသော အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း လက်ရှိချိန်တွင် ထိုစစ်ဆင်ရေးသည် အောင်နိုင်ခြင်းမရှိဘဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း၊ KNLA ဦးဆောင်သော တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နေ့စဥ်နှင့်အမျှ သေဆုံးမှု ဒဏ်ရာရရှိမှုများနေကာ လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာပြီး စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြောင်း သိရသည်။
KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ နေရာအနံ့ အထပ်ထပ် ပိတ်ဆို့မှုများကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများ မြေပြင်မှ ပို့ဆောင်ပေးရန် လမ်းကြောင်းမရှိတော့ဘဲ ဝေဟင်မှ လေယာဥ်ဖြင့်သာ ရိက္ခာထုပ်များ ကျဲချပေးနေရကြောင်း သိရှိရသည်။
အဆိုပါ ရိက္ခာထုပ်များကို ပို့ဆောင်ရာတွင် ၎င်းတို့ ရရှိလာသော ရိက္ခာခြောက်များကို အရာရှိအဆင့်များသာ စားသောက်ခွင့်ရပြီး အောက်ခြေမှ လက်အောက်ငယ်သား စစ်သည်များ စားသောက်ခွင့်မရှိဘဲ ခေါက်ဆွဲခြောက် တစ်ထုပ်ကို စစ်သား ၃ ဦး မျှဝေ စားသောက်နေရကြောင်း သိရသည်။
ရှေ့တန်း စစ်မြေပြင်တွင် ထိုအခြေနေများကြောင့် အောက်ခြေ စစ်သားများသည် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအား ပျက်ပြားလာကြပြီး နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများပြားလာကြောင်း သိရှိရသည်။
ထိုအခြေနေများကို သိရှိနားလည် ကိုယ်ချင်းစာသော KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်၏ စည်းမျဥ်းစည်းကမ်းနှင့်အညီ လူသားခြင်းစာနာထောက်ထားမှုဖြင့် KNU ထိန်းချုပ်နယ်မြေတွင် ရှိသော စစ်ကောင်စီတပ်မှ မည့်သည့် စစ်သည်မဆို လာရောက်ပူးပေါင်းပါကာ လာရောက် ခိုလှုံပါက အစဥ်မြဲ နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း KNU က ထုတ်ပြန်သည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုများက အသိအမှတ်ပြု တန်ဖိုးထား လေးစားသည့်အနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာ ကြိုဆို ဧည့်ခံပေးခဲ့ပြီး ၎င်းတို့အတွက် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ကြောင်း၊ ထိုသို့ဆောက်ရွက်ပေးခဲ့ပြီးနောက် ၎င်းတို့၏ အနာဂတ်ဘဝရှေ့ရေးအတွက် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း စီစဥ်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံကို လက်နက်ခဲယမ်းနှင့်အတူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ခဲယမ်းမပါသည်ဖြစ်စေ အားလုံးကို လက်ခံကြိုဆိုပေးခဲ့ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျ စစ်ကြောင်းမှ လာရောက်ပူးပေါင်းလာသော စစ်သားများကို ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော စစ်သားများကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် အတူ တွေ့ရစဉ်။
Photo- ပေးပို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar