30 C
Yangon

မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ဖမ်းဆီးကာ ငွေတောင်းနေပြီး ငွေကြေးမပေးနိုင်သူများကို အတင်းအဓမ္မ စစ်ထဲထည့်နေ

Must read

မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ဖမ်းဆီးကာ ငွေတောင်းနေပြီး ငွေကြေးမပေးနိုင်သူများကို အတင်းအဓမ္မ စစ်ထဲထည့်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ဖမ်းဆီးကာ ငွေတောင်းနေပြီး ငွေကြေးမပေးနိုင်သူများကို အတင်းအဓမ္မ စစ်ထဲထည့်နေကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြို့မ ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးသည် ဦးသန်းဦးသည် ၃ လမ်းထိပ်ရှိ ဦးပေါကြွယ်စက်မှုလက်မှုအိမ်မှ ပြည်သူ ၁ ဦးကို ဖမ်းဆီးပြီးသိန်း ၁၂၀ တောင်းခံခဲ့ပြီး သိန်း ၅၀ ပေးသော်လည်း သိန်း ၁၂၀ မရ၍ စစ်မှုထမ်း အပတ်စဥ် ၆ တွင်ထည့်ခဲ့ကြောင်း သိရသည်။

အလားတူ မြို့မ ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်း သည်လည်း မြသီတာလမ်း ၁၁ ရပ်ကွက်တွင် နေထိုင်သည့် လုပ်ငန်းရှင် ကိုဘခက်နှင့် မဒုတို့၏ သား ၂ ဦးကို စစ်မှုထမ်း အပတ်စဉ် ၁ တွင် ပါဝင်သည်ဟုဆိုကာ စစ်မှုထမ်း ကင်းလွတ်ခွင့်အတွက် သိန်း ၇၀ တောင်းခဲ့ကြောင်း ၊ထို့ပြင် မြသီတာလမ်းနေ မရှားစေးထံမှ ငွေကျပ် သိန်း ၃၀ ယူ၍ မရှားစေး၏ သား ၂ ဦးကို စစ်မှုထမ်းအတွက် ချန်လှန်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

ထို့ပြင် စစ်မှုထမ်းစာရင်းပါသည့် မအူပင်လမ်းတွင် နေထိုင်သော ကြံရည် ဆိုသူနှင့် သောင်တိုးမြေတွင် နေထိုင်သော ဦးခိုင်ဝင်းအောင်နှင့် ဒေါ်ဖြူဖြူလွင်တို့၏ သား ညီဘုန်းထက်တို့ အစား စာရင်းတွင် မပါဝင်သည့် စိတ္တသုခဆန်စက်ဝန်းတွင် အိမ်ငှားနေထိုင်သည့် မောင်သန့်ဇင်ဖြိုးဆိုသူကို မတရားဖမ်းဆီး၍ အပတ်စဉ် ၂ အတွက် စစ်မှုထမ်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

“မောင်သန့်ဇင်ဖြိုးကို မင်းကို မင်းယောက္ခမက သူနဲ့ စကားများပြီး ရုံးလာတိုင်ထားလို့ ရုံးမှာလာရှင်းရမယ်လို့ ခေါ်ပြီး မတရားဖမ်းဆီးပြီး အပတ်စဉ် ၂ အတွက် စစ်မှုထမ်းပို့ခဲ့တာ” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မောင်သန့်ဇင်ဖြိုးသည် ရဲရင့်အောင်ငါးဒိုင်တွင် ငါးခွဲခြင်း အောက်ခြေသိမ်းလုပ်ကိုင်၍ မိန်းမဖြစ်သူ မခိုင်ဇင်ဦးနှင့် မွေးခါစ ရက်သားသာ ရှိနေသေးသည့် သမီးငယ်လေးကို လုပ်ကျွေးနေသူဖြစ်၍ လုပ်ကျွေးမည့်သူ မရှိတော့သဖြင့် မိသားစုဝင်များ အခက်တွေ့နေကြကြောင်း သိရှိရသည်။

ထို့ပြင် အပတ်စဥ် ၈ တွင် နာမည်ပါဝင်ကြောင်း ဆင့်စာ မပေးပို့ဘဲ ပြည်သူ့စစ်အမည်ခံ လူမိုက်အောင်မိုးဆိုသူနှင့် ရာအိမ်မှူးကျော်စိုးလင်းဆိုသူက ရပ်ကွက်တွင်းရှိ လူ ၁ ဦးကို ထွေအုပ်ရုံးသို့ လိုက်ခဲ့ရန် လှည့်ပတ်ခေါ်ဆောင်ပြီး အပတ်စဥ် ၈အတွက် ထည့်သွင်းခဲ့ကြောင်း၊ လူမိုက်အောင်မိုးက အပတ်စဥ် ၆ တွင်လည်း ယုဇနလမ်းထိပ်ရှိ ကန်ထောင့်တွင် နေထိုင်သူ လူငယ် ၁ ဦးကို ခဏလိုက်ခဲ့ရန် အယုံသွင်းခေါ်ဆောင်ပြီး စစ်မှုထမ်းအဖြစ်ခေါ်ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

လူမိုက်အောင်မိုးသည် မင်္ဂလာရာမလမ်းသွယ်ရှိသူ၏ နေအိမ်တွင် လောင်းကစားဒိုင်ဖွင့်ပြီး လူမိုက်ဆန်ဆန် ကြွေးလိုက်တောင်းပေးခြင်းကို လုပ်ဆောင်နေသူဖြစ်ကာ ကြက်ဝိုင်းထောင်ပြီး ဓားခုတ်မှု ရိုက်မှုများဖြင့်အကြိမ်ကြိမ်ထောင်ကျဘူးသည့် လူမိုက်တစ်ဦးဖြစ်ကြောင်း သိရသည်။

ရာအိမ်မှူးကျော်စိုးလင်းဆိုသူသည် ရပ်ကွက်တွင်းရှိ တစ်အိမ်ထောင်လျှင် တစ်လ ၃၀၀၀ ကျပ်ကောက်ခံပြီး ကင်းသမား သုံးလေးဦးနှင့် အယောင်ပြလုပ်စားနေသူတစ်ဦးဖြစ်ကြောင်း၊ ၁၁ ရပ်ကွက်တွင် အိမ်ခြေပေါင်းထောင်ချီနေသည့် ရပ်ကွက်ဖြစ်ကြောင်း၊ ရပ်ကွက်တွင်း ရာအိမ်မှူးကျော်စိုးလင်းနှင့်လူမိုက်အောင်မိုးတို့ ပူးပေါင်း၍ ယုဇနလမ်းတွင်နေထိုင်သည့် ပန်းထိမ်ဆရာမိုးသဲဆိုသူကို စစ်မှုထမ်းတွင်ပါဝင်ကြောင်း မပါချင်လျှင် ငွေပေးရမည် ဟု ခြိမ်းခြောက်ငွေညှစ်နေကာ တစ်ခါတောင်းလျှင် ကျပ် ၁ သိန်း တောင်းခံနေကြောင်း သိရှိရသည်။

ထို့ပြင် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးမြင့်ငြိမ်းနှင့် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးကျော်မောင် တို့သည်လည်း စစ်မှုမထမ်းလိုလျှင်ငွေပေးရန် အတင်းအကျပ်တောင်းခံနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article