ငဖဲမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကား ၂ စီးကို ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်း-ငဖဲ -စေတုတ္တရာကားလမ်းပေါ်တွင် အကြမ်းဖက် စစ် ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ငဖဲမြို့နယ်၊ အမှတ် ၁၄ ကာကွယ်ရေး ပစ္စည်း စက်ရုံမှ စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာ သော အင်အား ၅၀ ဦးခန့်ပါ စစ်ကောင်စီတပ်သုံးယာဥ် ၂ စီးအား ညောင်ကိုင်းကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းတစ်ဦးကတော့ နေရာမှတင် ပွဲချင်းပြီးသေတယ်။ ၆ ဦးထိခိုက်ဒဏ်ရာရတယ်။ ထိခိုက် ဒဏ်ရာရသူတွေထဲက အချို့ သေဆုံးမှုရှိတယ်လို့ သိရတယ်၊ အရေအတွက်တော့ အတိအကျ မသိရ ဘူး” ဟု မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးနေရာမှာ ပွဲချင်းပြီးသေဆုံးပြီး ၆ ဦး ခန့် ဒဏ်ရာရရှိကာ ဆေးကုနေစဉ် ထပ်မံသေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း၊ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နှင့် ငဖဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် ငဖဲမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးပျက်စီးမှုများရှိကြောင်း မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ငဖဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ် ချုပ်ရေးမှူးရုံးနှင့်ငဖဲမြို့မရဲစခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အဆောက်အအုံ၊ ကား နှင့်ဆိုင်ကယ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ထွေအုပ်ရုံး အဆောက်အအုံတွေနဲ့ ဆိုင်ကယ်၊ ကားတချို့ ထိခိုက်ပျက်စီးမှုရှိတယ်။ လူထိခိုက်မှု လည်းရှိတယ်လို့ သူတို့ရဲ့အတွင်းသတင်းတွေအရ သိရပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း ၊ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ၊ ငဖဲမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင် (ပ.က.ဖ) နှင့်အတူ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအား အသုံးပြု၍ ၎င်းတို့၏ တပ်ရွှေ့ ပြောင်းမှုများ၊ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့သို့ လုပ်ဆောင် ရာတွင် အရပ်သားပြည်သူကားများကို အသုံးပြု၍လည်း အရပ်သားပြည်သူအသွင်ယူကာလှုပ်ရှား သွားလာ လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းများနှင့် နီးကပ်စွာ လိုက်ပါ ခြင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသောနေရာများအနီးတစ်၀ိုက်တွင် နီးကပ်စွာနေထိုင်ခြင်းမပြုရန် သတိပေးထားသည်။