21 C
Yangon

သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ၊ ဆေးခန်းက တာဝန်မယူဘဲ ပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ

Must read

သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ၊ ဆေးခန်းက တာဝန်မယူဘဲ ပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် အသက် ၂၆ နှစ်အရွယ် မဇာခြည်ဦးသည် ဆေးခန်းတွင် သေဆုံးသွားခဲ့ပြီး အလောင်းစွန့်ပစ်ခံခဲ့ရကြောင်း သေဆုံးသူမဇာခြည်ဦး၏ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း မဇာခြည်ဦးသည် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ သဇင်မင်းရိပ်သာ၊ အမှတ် F-102 တွင် ဖွင့်လှစ်ထားသော IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းသို့ ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ၇ ရက်အကြာ ဇန်နဝါရီလ ၂ ရက်နေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလောင်းပြန်လည် ရရှိခဲ့ကြောင်း၊ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် အလောင်းစွန့်ပစ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်တာက သူ အဲဒီ IRIS Beauty Clinic ဆေးခန်းမှာသွားရင်းနဲ့ မေ့ဆေးပေးလွန်ပြီး အသက်မပါလာတော့ဘူး။ ဆေးစစ်ချက်က နှလုံးမှာ တစ်ခုခုတွေ့တယ်။ အတွင်းကလီစာတွေလည်း အကုန်ပါတယ်။ သူဆေးခန်းသွားတဲ့နေ့ ညနေပိုင်း ဂျူတီသမားလုံခြုံရေးက ပြောတယ်တဲ့ အဲဒီနေ့ ညက ဆေးခန်းတိုက်လှေကားအထိ ကားဖင်ထိုးပြီး တစ်ခုခု သယ်တင်သွားတယ်တဲ့။ ပြီးတော့ သွေးစက်တွေ ကျတာတွေကို သန့်ရှင်းရေးကိုလုပ်ခိုင်းတာ ကြားလိုက်တယ်တဲ့” ဟု သေဆုံးသူ မဇာခြည်ဦး၏ မိတ်ဆွေဖြစ်သူက ဆိုသည်။

ယခုအခါ IRIS Beauty Clinic ပိုင်ရှင် လင်မယားသည် သင်္ဃန်းကျွန်းရှိ ငှား ရမ်းတိုက်ခန်းထားသော တိုက်ခန်းကို ပြန်လည် အပ်နှံပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ အမှုကို သက်ဆိုင်ရာက လိုက်လံစုံစမ်းနေသည်ဟု သိရှိရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သူတို့ဆေးခန်းမှာ သေတာကို အလောင်းဖျောက်ပြီး အလောင်းပစ်ပြီး ပြေးတာ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

IRIS Beauty Clinic ဆေးခန်း၏ ဖေ့ဘုတ်စ် စာမျက်နှာကို ရန်ကုန်ခေတ်သစ်က စစ်ဆေးကြည့်သောအခါ ခွဲစိတ်ခန်း အင်္ဂါရပ်နှင့် ပြည့်စုံခြင်းမရှိသော ခွဲစိတ်မှုများ လုပ်ဆောင်နေမှုများ၊ လှပရန် လာရောက်ခွဲစိတ်သူများကို နည်းစနစ် ပုံမှန်မသော ခွဲစိတ်မှုများ လုပ်ဆောင်နေသည့် မြင်ကွင်းများစွာကို မြင်တွေ့ရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲသတင်းရင်းမြစ်များကို မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိပေ။

သေဆုံးသူ မဇာခြည်ဦးသည် ပြည်တွင်းနာမည်ကျော် စားသောက်ဆိုင်ကြီးတစ်ခု၏ အကြီးဆုံးစာရင်းကိုင်ရာထူး လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article