24 C
Yangon

မကွေးနှင့် မြို့သစ်မြို့တွင် ပြည်သူများကို စစ်တပ်နှင့်ရဲများက ဖမ်းဆီးပြီး လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်း၊ ပဲခူးနှင့် ဓနုဖြူတို့ တွင်လည်း အုပ်ချုပ်ရေးမှူးများက လစဉ် စစ်မှုထမ်းကြေးပေးရန် ငွေညှစ်

Must read

မကွေးနှင့် မြို့သစ်မြို့တွင် ပြည်သူများကို စစ်တပ်နှင့်ရဲများက ဖမ်းဆီးပြီး လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်း၊ ပဲခူးနှင့် ဓနုဖြူတို့ တွင်လည်း အုပ်ချုပ်ရေးမှူးများက လစဉ် စစ်မှုထမ်းကြေးပေးရန် ငွေညှစ်

ရန်ကုန်၊ ဇန်နဝါရီ ၆

မကွေးတိုင်း၊ မကွေးမြို့နှင့် မြို့သစ်မြို့ မှ ပြည်သူများကို မြို့သစ်ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မကွေးမြို့ နှင့် မြို့သစ်မြို့အပါအဝင် လေးတိုင်စင်အုပ်စု၊ ဖိုကြီးကျေးရွာ ၊ ရုံးတောကျေးရွာ ၊ ဝါးကြီးအိုင့်ကျေးရွာ ၊ ကန်ကြီး ကျေးရွာ၊ ငွေလေး ကျေးရွာ၊ ကွမ်းကျေးရွာနှင့် နွားလှ ကျေးရွာတို့ရှိ ပြည်သူများ သွားလာနေသော ရွာလမ်းဆုံများတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများကို မိသားစုဝင်များထံ သွားရောက် ပြောဆိုခိုင်းပြီး လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း သိရှိရသည်။

” မြို့သစ်၊ လေးတိုင်စင်အုပ်စုနဲ့ ဖိုကြီးကျေးရွာတွေမှာ စစ်ခွေးတွေ ပေါ်တာဆွဲနေတာ ၂ လ ကျော်လောက်ရှိပြီ‌ နေ့တိုင်း စစ်ခွေး ရဲခွေးတွေ ပေါ်တာဆွဲနေတာ ယာလုပ်ငန်းတွေ တောင်မလုပ်ရဲမကိုင်ရဲတွေနဲ့ နေကြရပါတယ်။ ပေါ်တာဆွဲတာကို ပြန်ရွေးချင်ရင် သိန်း ၁၀၀ အနည်းဆုံးပေးပြီး ရွေးရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေးတိုင်စင်အုပ်စုရှိ ကျေးရွာများမှ ပြည်သူများထံမှလည်း စစ်မှုထမ်းကြေးဟုဆိုကာ သေနတ်ပြ ခြိမ်းခြောက်၍ တစ်အိမ်ကို လစဉ် ငွေကျပ် ၁၇၀၀၀ ကောက်ခံနေကြောင်း၊ ထို့ပြင် ငွေကြေး မပေးနိုင်သည့် မိသားစုများ၏ စာရင်းများကို ကောက်ခံမည်ဟု ခြိမ်းခြောက်သောကြောင့် ငွေကြေးမတတ်မိုင်သည့် ပြည်သူများလည်း ချေးငှား၍ ပေးနေကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ပေပင်ချောင်ကျေးရွာမှ အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေမှူး ဝေလင်းမျိုးနှင့် လူ မိုက် အဖွဲ့က ကျေးရွာနေ ပြည်သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံ၍ စစ်မှုထမ်းကြေး လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေမှူး ဝေလင်းမျိုးနှင့် လူမိုက် အဖွဲ့သည် ကျေးရွာအတွင်းရှိ ပြည်သူများထံမှ ၁ အိမ်လျှင် ၃ လ ၁ ကြိမ် ငွေကျပ် ၈၀၀၀၀ လိုက်လံ ကောက်ခံနေပြီး ငွေကြေးမပေးနိုင်သည့် ပြည်သူများကို ဆဲဆို ကြိမ်း မောင်း၍ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ပြည်သူများအပေါ်ကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံတယ်။ စစ်မှုထမ်းကြေး ဆိုပြီး တစ်အိမ်ကို ငွေကျပ် ၈၀၀၀၀ ၃ လ တစ်ခါ ပေးနေရတယ်။ ငွေကြေး မပေးနိုင်တဲ့ သူတွေကို ငါ့အဆိုးမဆိုနဲ့လို့ ကြိမ်းမောင်းတယ်။ အုပ်ချုပ်ရေမှူး ဝေလင်းမျိုးနဲ့ လူမိုက် အဖွဲ့က တော်တော်လေးကို သောင်းကျန်းနေတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ လက်ပန်ဇင်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး စိုးလွင်သည် ပြည်သူများထံမှ ကျေးရွာနေ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် လစဉ် ငွေကျပ် ၂၀၀၀၀ လိုက်လံကောက်ခံနေကြောင်း၊ ငွေ ကြေး မပေးနိုင်သူများကို စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ကျေးရွာနေပြည်သူအများစုသည် လက် လုပ်လက်စားသမားများဖြစ်၍ လစဉ် ငွေဆောင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဓာတ်ပုံ- မကွေးမြို့ပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article