နတ်မောက်တွင် ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ပစ်ခတ်ခံရပြီး သေဆုံး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ နွားတင်းကုပ်အတွင်း ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိသည်။
သေဆုံးသွားသော ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို နတ်မောက် တော်လှန်ရေး တပ်ပေါင်းစုက အကြိမ်ကြိမ် သတိပေးထားသည်ကို ဂရုမစိုက်ဘဲ မထီမဲ့မြင် ပြုလုပ်ခြင်း၊ ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့် အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘိုဝင်းက အိုင်ဇောက်ရွာနေတာ သူ့နေအိမ် နွားတင်းကုပ်အတွင်းကို ထွက်ပြေးတဲ့ အတွက် ပစ်ခတ်ရှင်းလင်းတာ နောက်စိကို ကျည်ထိမှန်ပြီး နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးသွားတယ်။ ကျနော်တို့ နတ်မောက် တော်လှန်ရေး တပ်ပေါင်းစုက အကြိမ်ကြိမ်သတိပေးထားတာကို ဂရုမစိုက် မထီမဲ့မြင် ပြုလုပ်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဘိုဝင်းကဲ့သို့ ပြည်သူများကို ပေါ်တာဆွဲ စစ်မှုထမ်း ဆင့်ခေါ်ပြီး ဒုက္ခပေးနေသည့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကိုလည်း နံပါတ်စဥ် အတိုင်း အလှည့်ကျ တိုက်ခိုက်သွားမည်ဟု နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။