အရာတော်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး၊ ပုသိမ်ကြီးတွင်လည်း စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force အဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် အရာတော်မြို့ လေ့ကျင့်ရေး အမှတ် ၁၀ မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး လိုက်ပါလာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကြားဖြတ် တိုက်ခိုက်မှု အတွင်း ထိတွေ့တိုက်ပွဲသည် ၇ နာရီ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးခဲ့ကာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၆ ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နယ်မြေ မဟာမိတ်များများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ သက္ကယ်ကျင်းရွာနှင့် ဘိုင်ဘင်ရွာ အကြားရှိ စစ်တပ် အထိုင်တပ်ချ တက်စွဲထားသော စခန်းတစ်ခုကို ပုသိမ်ကြီးမြို့နယ် ပကဖ က ၆၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း လက်နက်ကြီး ၂ လုံးသည် ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ ကျန် လက်နက်ကြီး ၂ လုံးသည် error တက်၍ ပစ်မှတ်ကို ထိမှန်သော်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရှိရသည်။
ပုသိမ်ကြီး မြို့နယ် ပကဖ အနေဖြင့် ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများနှင့် စစ်တပ် ဒေါက်တိုင်များကို တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။