ရန်ကုန်၊ ဇန်နဝါရီ ၈
ရခိုင်ပြည်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ် ၊တောင်ပုံကြီး စစ်တပ်စခန်းကို AA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်သွားပြီး အဆိုပါတိုက်ပွဲတွင် သေဆုံးစစ်သားအလောင်းများကို ပြည်မြို့၊ အေးငြိမ်ရာ သုဿာန်သို့ သယ်ယူသဂြိုလ်နေရကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ AA နှင့် တော်လှန်ရေးတပ်များက တောင်ကုတ်-ပန်းတောင်းလမ်းရှိ တောင်ပုံကြီး စစ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်း AA နှင့် တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပန်းတောင်းမြို့နယ် အစပ် တောင်ပုံကြီးစခန်းလို့ ခေါ်တဲ့ မိုက်ကခို စခန်းကျသွားပြီ။ မနေ့ညနေပိုင်းက ကျသွားတာပါ။ ပဲခူး တိုင်းအစပ် ကိုတော့ AA တွေ ရောက်လာပြီလို့ ပြောလို့ရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ တိုက်ခိုက်သိမ်းပိုက်ခံရသော တော်ပုံကြီးစခန်းသည် ပြည်မြို့ အနီး ပန်းတောင်း -တောင်ကုတ် ရိုးမတောင်ကြောလမ်းဘေးတွင် တည်ရှိကြောင်း၊ ပြည်မြို့ နှင့် ပန်းတောင်းမြို့အကြားတွင် ကပစ လက်နက်ထုတ်လုပ်ရေးစက်ရုံအများအပြားရှိသည့်အတွက် AA က ရှေ့ဆက်တိုးလာလျှင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ လက်ရှိ တောင်ပုံကြီးစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုးထိ စစ်ကောင်စီတပ်စခန်းထံသို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“တောင်ပုံကြီးက အင်အားတွေက မိုးထိကို ဆုတ်တယ်။ မိုးထိမှာ အင်အားပိုများတယ်။ မိုးထိဆိုတာ ပန်းတောင်းမြို့နယ် နောက် ဆုံး နယ်ခြားပါ။ မိုးထိကျော်တာနဲ့ ဟိုဘက် ရခိုင်ပြည်ရောက်သွားပြီ။ မိုးထိစခန်းမှာတော့ စစ်တပ် ခန့်မှန်းအင်အား ၇၀၀ လောက်ရှိတယ်။ အခုနောက်ဆုံး တပ်မ ၆၆ အင်းမ က စစ်တပ်တွေကို စစ်ကူအဖြစ် မိုးထိစခန်းဘက်ကို ပို့နေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော တောင်ပုံကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး သေဆုံးသူများကို ပြည်မြို့ဘက်သို့ ဆက်တိုက် သယ်ယူနေကြောင်း သိရှိရသည်။
AA ဘက်ကမူ တောင်ပုံကြီး တပ်စခန်း သိမ်းပိုက်ရရှိမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြု သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဓာတ်ပုံ – AA တပ်ဖွဲ့ဝင်တချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar