26 C
Yangon

ရခိုင်တွင် အရေပြားရောဂါဖြစ်ပွားမှု အခြေအနေ ဆိုးရွားနေပြီး ဖြစ်ပွားသည့် နယ်မြေကျယ်ပြန့်လာ

Must read

ရခိုင်တွင် အရေပြားရောဂါဖြစ်ပွားမှု အခြေအနေ ဆိုးရွားနေပြီး ဖြစ်ပွားသည့် နယ်မြေကျယ်ပြန့်လာ

ရန်ကုန်| ဇန်နဝါရီ ၈

ရခိုင်ပြည်အတွင်း အရေပြားရောဂါဖြစ်ပွားမှု ပုဏ္ဏားကျွန်း၊ မင်းပြားမြို့များအပြင် သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော် စသည့် ဒေသများတွင် စစ်ရှောင်ပြည်သူများမှာ အရေပြားရောဂါဝေဒနာများ ခံစားနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မိုးရာသီကတည်းက ပုဏ္ဏားကျွန်းဒေသနှင့် မင်းပြားဒေသများတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်ယားယံခြင်း၊ ခူ၊ ဝဲ၊ ပွေး ကဲ့သို့ အနာများဖြစ်ပေါ်ခံစားနေရသည်မှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှုမှာ သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော်ဒေသများတွင် ဖြစ်ပွားနေပြီး အများစုက

စစ်ရှောင်ပြည်သူများ အဖြစ်များနေကြောင်း စုံစမ်းသိရသည်။

ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ခန္ဓာကိုယ်ယားယံခြင်းကို ဦးစွာခံစားရပြီးနောက် ကုတ်ခြစ်ခြင်းမှတစ်ဆင့် အနာများဖြစ်ပေါ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်ဟု ငပလီဒေသခံတစ်ဦးက ပြောသည်။

“အဓိကတော့ ငပလီမှာ အဖြစ်များနေပါတယ်။ ဂျိတ္တော၊ မြပြင်တွေမှာ ပြည်သူတွေ အဖြစ်များနေပါတယ်။ ရေမသန့်တာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတာကြောင့်လို့ ပြောရမှာပေါ့။ ပြီးတော့ စဖြစ်ကတည်းက လုံလောက်တဲ့ ဆေးကုသမှု မခံရတာကြောင့်လည်း ပါမယ်ထင်ပါတယ်” ဟု ပြောသည်။

ခန္ဓာကိုယ်ယားယံခြင်းကို ခံစားနေရသူများမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကုတ်ခြစ်ခြင်းမှတစ်ဆင့် ကူးစက်ပြီး လူအများကို ပျံ့နှံ့သွားကြောင်း သိရသည်။

ငပလီဒေသမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များ အဓိကဖြစ်ပွားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရန် အရေးတကြီးလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

စစ်ရှောင်ပြည်သူများမှာ နေအိမ်များတွင် အစုလိုက်ကျပ်ကျပ်တည်းတည်း နေထိုင်ခြင်းဖြင့်လည်း ရောဂါတစ်ခုဖြစ်ပွားလျှင် အလွယ်တကူပျံ့နှံ့ကာ ဖြစ်ပွားလျက်ရှိကြောင်း သံတွဲနှင့်ဂွကြားတွင် စစ်ရှောင်နေသူ တစ်ဦးက ပြောသည်။

“စစ်ရှောင်တွေက အခု မြို့ထဲကို မဝင်ရသေးတော့ ရွာတွေက နေအိမ်တွေမှာ အစုလိုက် နေကြရပါတယ်။ တစ်ယောက် ရောဂါဖြစ်ပြီဆိုရင် နောက်တစ်ယောက်ကူးဖို့က ရာနှုန်းပြည့် သေချာပါတယ်။ ပွေးတော့၊ ခူတော့ ဆိုတာက ကုတ်ခြစ်တဲ့ အရေအစက်တွေကလည်း တခြားသူတွေကို ကူးတယ်။ ဆေးဝါးတွေကလည်း လုံလုံလောက်လောက်မရှိတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

မင်းပြားနှင့် ပုဏ္ဏားကျွန်းမှာ အာရက္ခတပ်တော် AA ၏ ကျန်းမာရေးဌာနက ဆေးဝါးကုသမှုဆောင်ရွက်ပေးနေ၍ ပြန်လည်ကောင်းမွန်လာသူများရှိသလို ဆေးဝါးကုသမှု မခံယူရသေးသည့်သူ အများအပြားလည်း ရှိနေကြဆဲဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသည့် သံတွဲ၊ ငပလီ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ ဒေသတွင် အချိန်မီဆေးဝါးကုသမှုများ မပြုလုပ်ပါက ယားယံသည့် အနာများမှတစ်ဆင့် တခြားပိုမွှားများဝင်ရောက်ကာ အသက်အန္တရာယ်ကြုံရသည်အထိ ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရသည်။

ဓာတ်ပုံ – ငပလီမြို့ မြပြင်၊ လင်းသာ၊ ဂျိတ္တော ဒေသများတွင် စစ်ရှောင်ကလေးငယ်များ အရေပြားရောဂါခံစားနေရသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ – APM)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article