21 C
Yangon

ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို ဖမ်းဆီး အချုပ်ချ အရေးယူ

Must read

ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို ဖမ်းဆီး အချုပ်ချ အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချ အရေးယူထားကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ AA နှင့် တော်လှန်ရေးတပ်များက ပန်းတောင်းမြို့နယ်၊ တောင်ကုတ်-ပန်းတောင်းလမ်းရှိ တောင်ပုံကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းသည် တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များ စုပေါင်းထားသော တပ်စခန်းဖြစ်ပြီး ကပစ ၆ မှ တပ်သားအများအပြားလည်း ယင်းစခန်းတွင် တာဝန်ချထားခံရကြောင်း၊ တောင်ပုံကြီး စခန်း သိမ်းပိုက်ခံရချိန် ကပစ ၆ မှ တပ်သားအများအပြားမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး မိခင်တပ်ရင်းဌာနချုပ်ရှိရာ ဥသျှစ်ပင် ကပစ ၆ စက်ရုံတပ်ရင်းသို့ ပြန်လာကြကြောင်း၊ သို့ရာတွင် ကပစ ၆ မှ တပ်မှူးများနှင့် အရာရှိကြီးများက တောင်ပုံကြီးစစ်စခန်းမှာ စစ်ရှုံး၍ ဆုတ်ခွာလာသော ကပစ ၆ တပ်သားများအားလုံးကို ဖမ်းဆီး အချုပ်ချ အရေးယူလိုက်ကြောင်း သိရှိရသည်။

“တောင်ပုံကြီးစခန်းမှာ အရေးမလှလို့ အတုံးအရုန်း နဲ့ ပြန်ဆုတ်ခွာလာတဲ့ ကပစ ၆ တပ်ဖွဲ့ဝင်တွေအားလုံးကို တပ်မှူးနဲ့ အရာရှိတွေက စစ်နိုင်အောင်မတိုက်လို့ဆိုပြီး ဆုတ်ခွာလာတဲ့ စစ်သားတွေ အားလုံးကို အချုပ်ချပါတယ်။ ဖမ်းဆီးနှိပ်စက်အရေးယူတာတွေလည်း လုပ်နေပါတယ်။ မိသားစုဝင်တွေလည်း ငိုသူ ငိုပဲ။ အသက်မသေလို့ ပြန်ရောက်လာတာကို အချုပ်ချ အရေးယူတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်။ ဘယ်လို ဆက်အရေးယူမလဲဆိုတာကို အထက်အမိန့်စောင့်နေတယ်ပြောတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လက်ရှိ ဥသျှစ်ပင်မြို့၊ ကမြိုင်ကျေးရွာရှိ ကပစ ၅ မှ တပ်ဖွဲ့ဝင်များကိုလည်း ပန်းတောင်းမြို့နယ်-တောင်ကုတ်လမ်းတလျှောက်တွင် ခုခံစစ်အတွက် စေလွှတ်နေကြောင်း၊ သို့ရာတွင် ကပစ ၅ တပ်အတွင်းမှ စစ်သားများမှာလည်း ရှေ့တန်း စေလွှတ်ချိန် ထွက်ပြေးကြသူများရှိသည့်အပြင် ရှေ့တန်းမထွက်မီ တပ်ရင်းမှလည်း ထွက်ပြေးသူများ များပြားနေသဖြင့် တပ်အဝင်အထွက်များအားလုံး ပိတ်ပင်ထားကြောင်း သိရှိရသည်။

” အခုလည်း ကပစ ၅၊ ကမြိုင်တပ်က စစ်သားတွေကို ပန်းတောင်း-တောင်ကုတ် ရှေ့တန်း ထပ်လွှတ်တယ်။ ကမြိုင် တပ် ကပစ ၅ထဲက စစ်သားတွေလည်း ပြေးတဲ့သူ ပြေးကုန်ကြပြီ။ ကပစ၅ တပ်ထဲမှာ အခု စစ်သားတွေ အပြင်ထွက်တာ ကန့် သတ်လိုက်တယ်။ ထွက်ပြေးနေတဲ့ စစ်သားတွေကိုလည်း နီးစပ်ရာ စုံစမ်းပြီး တပ်ကို ပြန်လာကြဖို့ လိုက်ခေါ်နေတယ်” ဟု တပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ် ၊တောင်ပုံကြီး စစ်တပ်စခန်းကို AA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြည်မြို့ အနီး ပန်းတောင်း -တောင်ကုတ် ရိုးမတောင်ကြောလမ်းတစ်လျှောက်တွင် စစ်တပ်က စစ်အင်အားများ အကြီးအကျယ် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်လျက်ရှိကြောင်း၊ ပြည်မြို့ နှင့် ပန်းတောင်းမြို့အကြားတွင် ကပစ လက်နက်ထုတ်လုပ်ရေးစက်ရုံအများအပြားရှိသည့်အတွက် ကပစစက်ရုံများ၏ လုံခြုံရေးကို စစ်တပ်က တိုးမြှင့်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တိုက်ပွဲ ကျဆုံးသော စစ်သားတစ်ဦး၏ နာရေး ပြင်ဆင်ထားမှု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article