26 C
Yangon

ပဲခူးနှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ပဲခူးနှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် သေနတ် ၂ လက် ယူဆောင်လာပြီး ဒေသ ပြည်သူတစ်ဦးမှ တစ်ဆင့် ဆက်သွယ်၍ ပဲခူးခရိုင်အမှတ် ၂ တပ်ရင်းထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလင်း ဝင်ရောက်လာသူများကိုလည်း တပ်ရင်းမှူး ကိုယ်တိုင် ဦးဆောင်၍ နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်လာသော စစ်သား ၂ ဦးသည် MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁လက်၊ ကျည်ဘောက် ၈ ခု၊ 5.56 ကျည် ၂၀၀ တောင့် တို့ပါ ယူဆောင်လပြီး အလင်းဝင်ရောက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်း ဝင်ရောက်လာသော စစ်သား ၂ ဦးကို ဘေးကင်းလုံခြုံသောနေရာ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သော မှတ်တမ်းကောက်ယူခြင်းနှင့် ၎င်းတို့ဆက်လက် လုပ်ဆောင်လိုသည်များအတိုင်း တပ်ရင်း တာဝန်ရှိသူများက ညွှန်ကြားချက်များနှင့် အညီ ပံပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများအနေဖြင့်လည်း ပြည်သူနှင့် အတူ ပူးပေါင်း၍ အလင်းဝင်ရောက်ရန် ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 က တိုက်တွန်းထားသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးက လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပေါက်မြို့မရဲစခန်းတွင် တာဝန်ကျနေသော အသက် ၂၇ နှစ်အ ရွယ် ရဲတပ်သား အေးချမ်းအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံသို့ ဆက်သွယ်ကာ G3 အမျိုးအစား သေနတ် ၁ လက်၊ G3 ကျည်အတောင့် ၉၀ တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“သူက ၂၀၁၅ ခုနှစ်ကတည်းက ရဲထဲရောက်ပြီး ပေါက်မြို့နယ်မှာ တာဝန်ကျတာ။ လွန်ခဲ့တဲ့ ၁ နှစ် လောက်ကတည်းက အလင်း ဝင်ဖို့ဆက်သွယ်နေတာ အဆင်မပြေလို့ အခုမှ ကျနော်တို့နဲ့ ချိတ်ဆက်မိပြီး အဆင်ပြေသွားတာ သူတို့စခန်းမှာက ရဲဘက်နဲ့စစ်ဘက်နဲ့အဆင်မပြေကြဘူး။ စစ်သားတွေက ရဲတပ်ဖွဲ့ဝင်တွေကို နိုင့်ထက်စီးနင်း ပြုကျင့်တာတွေက အကြိမ်ရေတွေများလာတယ်။ သူတို့မခံနိုင်တဲ့ အဆုံးလက်နက်နဲ့ထွက်ပြေးလာတာ” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ရှင်းပြသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သူ ရဲတပ်သာ အေးချမ်းအောင်ကို ဆုငွေ ကျပ် သိန်း ၃၀ ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ အဆိုပါရဲတပ်သားကို ဘေးကင်းစွာခေါ်ဆောင်ပေးခဲ့သည့် နယ်မြေခံတပ်ဖွဲ့၊ ဂန့်ဂေါခရိုင်အမှတ် ၄ တပ်ရင်း မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြမည့် စစ်ကောင်စီတပ်သားများအနေဖြင့် ယုံကြည်စိတ်ချစွာဆက်သွယ်နိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article