ဒိုက်ဦးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦး ကျဆုံး
ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကိုမျိုးမင်းဦးသည် ဒိုက်ဦးထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသော်လည်း ထောင်ပိုင်ထွဋ်ပိုင်မှူးနှင့် ထောင်ဆေးရုံ ဆရာဝန် သိုက်ထွေးတို့က ရောဂါခံစားနေရသူ ကိုမျိုးမင်းဦးကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို မပေးခဲ့၍ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးတာတွေ ထပ်မဖြစ်ရေးအတွက် ကျွန်တော်တို့အဖွဲ့ရဲ့ လစဉ်တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့အကျဉ်းထောင်အာဏာပိုင်တွေက မိသားစုဝင်တွေ ပို့ပေးတဲ့ နိုင်ငံခြားဆေးဝါးတွေကိုအပြည့်အဝ လက်ခံပေးဖို့၊ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးတွေထားရှိပေးဖို့၊ ထောင်တွင်း ဖျားနာလူနာတွေနဲ့ ဒဏ်ရာရလူနာတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အရေးကြီးလူနာတွေကို ထောင်ပြင်ပဆေးရုံကိုအချိန်နဲ့ တပြေးညီ ပို့ဆောင်ပေးဖို့ စတဲ့အချက်တွေကို အကျဉ်းဦးစီးဌာနအနေနဲ့ အမြန်ဆုံးလိုက်ပါလုပ်ဆောင်ဖို့လိုအပ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကိုမျိုးမင်းဦးသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ၅၁(ဂ)၊၅၂(ခ)တို့ဖြင့်အမှုဖွင့်၍ အကျဉ်းချခံခဲ့ရကာ ၂၀၂၄ခုနှစ် မေလ ၃၁ ရက်နေ့ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အင်းစိန်အကျဥ်းထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွေ့ အကျဉ်းချခံခဲ့ရခြင်း ဖြစ်သည်။
ဒိုက်ဦးထောင်တွင် ကိုမျိုးမင်းဦးသည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရခဲ့ဘဲ ဆီးကျောက်ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်မှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။
“ယနေ့အချိန်ထိ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို အကျဉ်းဦးစီးဌာနအနေနဲ့ လိုက်ပါဆောင်ရွက်ခြင်းမရှိသရွေ့တော့ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေ အသက်အာမခံချက်မရှိဘဲ သေဆုံးမှု ရာခိုင်နှုန်းများနေဦးမှာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။