မြိုင်မြို့ပေါ်ရှိ စစ်တပ် စခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိ
မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စစ်ခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များ၏ ကင်းပုန်းများက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်သားသစ် ၄ ဦးသည် နေပြည်တော်နှင့် ဧရာဝတီတိုင်းမှဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော တပ်သားသစ် ၄ ဦးကို အကြမ်းဖက် စစ်တပ်က နေပြည်တော်တွင် စစ်သင်တန်း ၃ လ ပေးပြီးနောက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ -၂၅၉ (ရေစကြို) တပ်ထဲကို ပို့ဆောင်လိုက်ပြီး ထိုမှ တဆင့် မြိုင်မြို့ပေါ်ကို ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်း တပ်သား ၄ ဦးသည် သရက်ကွတိုက်ပွဲတွင်လည်း ပါဝင် တိုက်ခိုက်ခဲ့သူများဖြစ်ကြောင်း သိရသည်။
“၁၁ ရက်နေ့ နံနက်ပိုင်းလောက်က ဖမ်းဆီးရမိတာ ၄ ဦးလုံးက ဒေသ အသီးသီးတွေစီကနေ လာကြတာလို့ သိရတယ်။ နေပြည်တော်နဲ့ ဧရာဝတီကလို့ သိရတယ်။ နေပြည်တော်မှာ သင်တန်းကာလ ၃ လကြာတက်ခဲ့ပြီးတော့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ -၂၅၉ (ရေစကြို) တပ်ထဲကို ရောက်လာတာ အဲကနေမှ မြိုင်မြို့ပေါ်ကို ပို့လိုက်တာ သူတို့က သရက်ကွ တိုက်ပွဲမှာလည်း ပါဝင်ခဲ့တဲ့ တပ်သားတွေလို့ သိရတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးမှုကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ၊ နယ်မြေ ပကဖ များဖြစ်သော နဂါးနီအဖွဲ့ ၊ ဆင်ရိုင်းအဖွဲ့နှင့် လင်းမြွေအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။