23 C
Yangon

ဇီးကုန်းတွင် အတင်းအဓမ္မ စစ်ထဲ အသွင်းခံရသော အသက် ၁၈ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်မျိုးမင်း တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိဘများကို အကြောင်းကြားခြင်းမရှိ

Must read

ဇီးကုန်းတွင် အတင်းအဓမ္မ စစ်ထဲ အသွင်းခံရသော အသက် ၁၈ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်မျိုးမင်း တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိဘများကို အကြောင်းကြားခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ ဇီးကုန်းမြို့တွင် အတင်းအဓမ္မ စစ်တပ်ထဲ ထည့်သွင်းခံရသော အသက် ၁၈ နှစ်အရွယ် မောင်မျိုးမင်း တိုက်ပွဲတွင် သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်ကောင်စီက မိဘများကို အသိမပေးကြောင်း ဇီးကုန်းမြို့နယ် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လပိုင်းက ဇီးကုန်းမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ကြီးက ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် မဲနှိုက် ရွေးချယ်ခဲ့ကြောင်း၊ ထိုသို့ မဲနှိုက်ရွေးချယ်စဉ် ဖခင်ကို ရေစည်လှည်းတွန်း၍ လုပ်ကိုင်ကျွေးမွေးနေသည့် အသက် ၁၈ နှစ်အရွယ် မောင်မျိုးမင်း ကို မဲပေါက်သည်ဆိုကာ အတင်းအဓမ္မ စစ်တပ်ထဲ ဝင်ရောက်ခိုင်းပြီး စစ်တပ်ထဲ မဝင်ရောက်လျှင် ဖခင်ဖြစ်သူကို ဖမ်းဆီးမည်ဟု အကျပ်ကိုင်၍ စစ်တပ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် မောင်မျိုးမင်းကို အကြမ်းဖက် စစ်တပ်က စစ်သင်တန်း ၃ လပေးပြီးနောက် ရှေ့တန်း တိုက်ပွဲ တစ်နေရာကို ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ အတွင်းဖြစ်ပွားသော တိုက်ပွဲတစ်ခု၌ သေဆုံးခဲ့ကြောင်း၊ မောင်မျိုးမင်း ရှေ့တန်း တိုက်ပွဲတွင် သေဆုံးသွားကြောင်းကို ဇီးကုန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီက ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ကြီးထံ အသိပေးခဲ့သော်လည်း ကျော်ကြီးက ဖခင်ဖြစ်သူများကို သွားရောက် ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။

ထိုသို့ ဖခင်ဖြစ်သူကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ကြီးက သွားရောက် အသိမပေးခြင်းသည် စစ်မှုထမ်းများကို စစ်တပ်က ရှေ့တန်း တိုက်ပွဲပို့ဆောင်သည်ကို သိရှိပြီး ရပ်ကွက်အတွင်းမှ ကျန်ရှိနေသော လူငယ်များ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း သိရသည်။

“ဇီးကုန်းမြို့ အမှတ် ၅ ရပ်ကွက် ဆေးကျောင်း ၃ လမ်းမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကျော်ကြီးက ရပ်ကွက်ထဲမှာ ရေစည်လှည်းတွန်းရောင်းပြီး အဖေဖြစ်သူကို လုပ်ကိုင် ကျွေးမွေးနေတဲ့ မောင်မျိုးမင်းလေးကို စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး လွန်ခဲ့သည့် ၅ လပိုင်းက အတင်းအကြပ် ထည့်လိုက်တာ မောင်မျိုးမင်းလေးက လွန်ခဲ့သည့် တစ်လခွဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသွားတယ်။ အဲတာကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီက အုပ်ချုပ်ရေးမှူး ကျော်ကြီးကို အကြောင်းကြားတယ်။ ကျော်ကြီးက အဲတာကို မိသားစုဝင်တွေဆီကို အသိမပေးဘူး။ အဲကလေးက စစ်တပ်ထဲ ဝင်ချင်စိတ်မရှိပါဘူး။ မင်းမဝင်ရင် မင်းအဖေကို ဖမ်းမယ်ဆိုပြီး ဝင်ခိုင်းတာ သူတို့က သားအဖ ၂ ဦးပဲရှိတာ သူ့သားလေး ရှေ့တန်းမှာ သေဆုံးသွားတာကို သူ့အဖေက အခုထိ မသိရှိသေးဘူး။ ကျနော်တို့ မကြည့်ရပ်လို့ လာပြောတာပါ” ဟု ဇီးကုန်းမြို့နယ် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားများကို ရှေ့တန်းသို့ စေလွှတ်နေရာတွင် တိုက်ပွဲအတွင်း သေဆုံးမှုများရှိလျှင် မိသားစုများထံသို့ အသိပေးခြင်းမရှိဘဲ ပျောက်ဆုံးစာရင်းသွင်းခြင်း၊ အလောင်းကို မိသားစုကို အသိမပေးဘဲ သဂြိုလ်ခြင်း၊ ကျဆုံး စစ်မှုထမ်းတပ်သားများအတွက် မည်သည့် ခံစားခွင့်မှ မပေးနိုင်ကြောင်း အသိပေးခြင်းများကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ကရင်တိုက်ပွဲတွင် သေဆုံးနေသော စစ်ကောင်စီတပ်သားတစ်ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article