ရန်ကုန်၊ ဇန်နဝါရီ ၁၄
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကားကို ဆိုင်ကယ်ဖြင့် ကျော်တက်သည့် ဆယ်ကျော်သက် လူငယ် ၂ ဦးကို စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မကွေးတိုင်း ဆင်ပေါင်၀ဲမြို့နယ် ကိုးပင်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ကျော်မင်းခန့်နှင့် မောင်ဖိုးငယ် တို့ ၂ ဦးသည် အောင်လံဘက်သို့ ခြင်းခတ်ရန်သွားရောက်ကြကြောင်း၊ လမ်းပေါ်တွင် သွားလာနေသည့် စစ်ကားကို ဆိုင်ကယ်ဖြင့် အရှိန်မြှင့်၍ ၎င်းတို့က ကျော်တက်ခဲ့ကြောင်း၊ ယင်းသို့ ကျော်တက်သွားပြီးနောက် စစ်ကားက ဆိုင်ကယ်နောက်မှ အရှိန်မြှင့်လိုက်လာပြီး ရပ်ခိုင်းကာ လူငယ် ၂ ဦးစလုံးကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
” အောင်လံဘက်ခြင်းသွားခတ်တဲ့ လူငယ် ၂ ဦးက စစ်ကားကို ကျော်တက်တာပါ။ အဲဒါကို စစ်ကားမှန်းလည်းမသိဘူး။ အဲဒါ စစ်ကား အတင်းလိုက်လာပြီး စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းခေါ်သွားတယ်။ ပါသွားတဲ့ လူငယ် မောင်ကျော်မင်းခန့်က ကိုးပင်ရွာက ဒေါ်မမာချိုရဲ့သားပါ။ နောက်တစ်ဦးက မောင်ဖိုးငယ်။ သူကတော့ ဦးမြင့်နိုင်ရဲ့သား။ စစ်ကားမှန်းမသိလို့ ကျော်တက်မိရာကနေ အဖမ်းခံရပြီး စစ်ထဲ အဆွဲခံရတာ” ဟု ဆွေမျိုးတစ်ဦးက ရှင်းပြသည်။
စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရသူ မောင်ကျော်မင်းခန့်၏ အစ်ကိုဖြစ်သူမှာလည်း စစ်မှုထမ်းရန်အတွက် စစ်တပ်၏ ဖမ်းဆီးမှုခံထားရပြီး လက်ရှိ စစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း သိရှိရသည်။
မကွေးတိုင်းအတွင်းတွင် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ၊ နေအိမ်များပေါ်အထိ တက် ၍ လူငယ်များကို ဧည့်စာရင်း ဖမ်းဆီးခြင်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – စစ်ကားကို ကျော်တက်မှုဖြင့် စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ မောင်ကျော်မင်းခန့် ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar