ရန်ကုန်၊ ဇန်နဝါရီ ၁၄
ချင်းပြည်နယ်၊ ဆမီးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့များကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက်ကျဲချနေကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညသန်းခေါင်ယံအချိန် ချင်းပြည်နယ်တောင်ပိုင်း၊ ဆမီးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ထွေ/အုပ်ရုံး မီးလောင်ပျက်စီးသွားပြီး လူနေအိမ်တချို့လည်း ပျက်စီးကြောင်း၊ လူထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးဘဲ ဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ပြီး ကျောက်မဲတိုးဂိတ်ဘက်နှင့် နတ်ရေကန် ဝိမုတ္တိဘုန်းကြီး ကျောင်းအနီးသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ကျောက်မဲတိုးဂိတ်တွင် TNLA နှင့် တော်လှန်ရေးတပ်များ တပ်စွဲထားမှုရှိပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
“ကျောက်မဲမြို့ပြင်ဘက်ကို ကျဲတာ။ နတ်ရေကန်နားမှာလည်း လျှိုကြီးရှိတယ်။ အဲဒီအထဲမှာ ၁၀၂၇ လှိုင်းကာလက တိုက်ပွဲ တွေ အပြင်းအထန်ဖြစ်ခဲ့တဲ့နေရာတွေ။ မြို့ပြင်ဂိတ်မှာလည်း TNLA တွေ တပ်ချထားတာရှိတယ်။ တပ်တွေရှိတဲ့နေရာတွေကို မှန်းဆပြီး လိုက်ကျဲတဲ့သဘောလို့ ယူဆရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
ထို့အတူပင် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များရှိ အရပ်သားများနေထိုင်ရာ မြို့ရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စစ်တပ်က ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချတိုက်တိုက်ခဲ့ကြောင်း၊ လူအထိအခိုက်မရှိခဲ့သော်လည်း နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာကို ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်လေယာဉ်လာသည်ကို ရွာသားများ တွေ့မြင်လိုက်၍ ရွာထဲမှ အချိန်မီထွက်ပြေးကြခြင်းကြောင့် လူထိခိုက်သေဆုံးမှု မရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဇန်နဝါရီလ ၈ ရက်နေ့ ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ၍ မီးလောင်မှု ဖြစ်ပွားနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar