မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Myaning Supporting Battaion – MSB က ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြိုင်မြို့မှ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်း နှင့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အင်ရောင်းကျေးရွာအနီး အရောက်တွင် မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ ဝက်ခေါင်းကျေးရွာ အနီး အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်မှု ၁ ကြိမ်နှင့် ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း အဆိုပါ ရိက္ခာပို့ ယာဉ်တန်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ကျောင်းကုန်းကျေးရွာ၊ ကန်နီကျေးရွာ၌ တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကန်နီကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထောင်ထားသောမိုင်းကို နင်းမိ၍ စစ်ကောင် တပ်သား ၂ ဦး ပွဲချင်းပြီး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို Myaing Supporting Battalion – MSB ၏ ထောက်ပို့ခံတပ်ရင်းများဖြစ်သော ပခုက္ကူခရိုင်အမှတ် ၂ ၊ ၆ ၊ ၇ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ နှင့် ပ.အ.ဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။