ရွှေက္ကိုလ်လောင်းကစားမြို့သစ်သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား ဝင်ရောက် စည်ကားနေ
ရန်ကုန်၊ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို အကြီးအကျယ် လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် တရုတ်လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု ခေါ်ယူပြောဆိုကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
မြန်မာနိုင်ငံ မြ၀တီမြို့တွင် တရုတ်နိုင်ငံမှ သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံရမှုကို ထိုင်းအာဏာပိုင်များက ကယ်တင်မှုများ လုပ်ဆောင်ပြီးနောက် နိုင်ငံတကာသတင်းမီဒီယာများတွင်ပါ မြ၀တီမြို့မှ ငွေလိမ်လည်လုပ်ငန်းများ၊ လူကုန်ကူးမှုများ အကြီးအကျယ်ဖော်ပြလာကြောင်း၊ တရုတ်နိုင်ငံကလည်း ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာလာပြီးနောက် ယင်းကဲ့သို့ BGF ခေါင်းဆောင် စောချစ်သူက ဦးဆောင်၍ မြ၀တီမြို့နယ်တွင် တရုတ်လုပ်ငန်းရှင်များကို အရေးပေါ် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း သိရှီရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ BGF ခေါင်းဆောင် စောချစ်သူ၊ DKBA ခေါင်းဆောင်များက မြ၀တီမြို့တွင် တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ လိမ်လည်မှုနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို လက်မခံကြောင်း ပြောဆိုညွှန်ကြားသည်ဟု သိရှိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြဝတီမြို့တွင် တရုတ်လုပ်ငန်းရှင်များကို စောချစ်သူက လူကုန်ကူးမှု၊ လုပ်ငန်းခွင်တွင်ပိတ်လှောင် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုများ ၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားများ ထားရှိခြင်းများ၊ ငွေလိမ်လည်လှည့်ဖြားမှု လုပ်ငန်းများကို လက်မခံဘဲ တားမြစ်ကြောင်း၊ တားမြစ်ချက်များကို မလိုက်နာလျှင် လုပ်ငန်းပိတ်သိမ်းပြီး နယ်နှင်ပေးမည်ဟု ပြောဆိုညွှန်ကြားကြောင်း သိရှိရသည်။
သို့ရာတွင် လက်ရှိအချိန်အထိ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား နေ့စဉ် ဝင်ရောက်နေကြောင်း၊ ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် အဆောက်အအုံ သစ်များစွာ အကြီးအကျယ် တိုးချဲ့ဆောက်လုပ်နေပြီး လုပ်ငန်းများစွာမှာလည်း ဆက်လက်တိုးချဲ့လုပ်ကိုင်နေကြောင်း ရွှေက္ကိုလ်မြို့သစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပါဝင်လုပ်ဆောင်နေသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အလုပ်လာလုပ်တဲ့သူတွေရော နိုင်ငံခြားသားတွေလည်း အများကြီးပဲ နေ့တိုင်းဝင်နေတာ။ တရုတ်တွေများတယ်။ အရမ်းစည်ကားနေတယ်။ အဆောက်အဦးတွေအားလုံးမှာ ကွန်ပျူတွေ ရာပေါင်းများစွာ တပ်ထားပြီး အလုပ်လုပ်နေကြတာ မြင်ရပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းခွင်ပါဝင်သူတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ် မေလအတွင်း BGF က ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အဆိုပါ ကြေညာချက်မှာ အတုအယောင်သာဖြစ်ပြီး ယခုအချိန်အထိ ရွှေက္ကိုလ် အပါအဝင် မြ၀တီမြို့နယ်တစ်၀ိုက်တွင် တရုတ်နှင့်နိုင်ငံခြားသား အရေအတွက် ပိုမိုများပြားစွာပင် ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဇုန်များတွင် လတ်တလော လူ ၃၀၀ မှ ၅၀၀ ဆန့် အဆောက်အအုံကြီးများ မြောက်မြားစွာ တိုးချဲ့တည်ဆောက်နေပြီး အဓိက လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းဘက်မှ ပမာဏတန်ပေါင်းများစွာ တင်သွင်းနေကြောင်း ၊ ရွှေက္ကိုလ်ကဲ့သို့ ကျားဖြန့် ဇုန်များတွင် တရုတ်စာဖြင့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ တရုတ်ဆေးခန်း၊ ဆေးရုံ၊ ကုန်တိုက်နှင့်စတိုးများစွာ တိုးပွားလာကြောင်း၊ အနီးအနားပတ်ဝန်း ကျင်ကျေးရွာများမှ ပြည်သူများမှာလည်း အလုပ်အကိုင်များစွာ ရရှိသဖြင့် အစားအသောက်ပို့သည့် လုပ်ငန်းမှာလည်း အလွန်အလုပ်ဖြစ်နေကြောင်း သိရှိရသည်။
ထို့ပြင်ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်လာသည့် တရုတ် အပါအဝင် နိုင်ငံခြားသားများကို ရွှေက္ကိုလ်၊ မယ်ထော်သလေး အပါအဝင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်လုပ်ငန်း ဇုန်များဆီသို့ ထိုင်းနယ်စပ်မှတစ်ဆင့် သွား ရောက် ကြိုဆိုပြီး ပို့ဆောင်ပေးသည့် လုပ်ငန်းမှာလည်း ကြီးထွားနေပြီး BGF ကအဓိက လုပ်ကိုင်ကြောင်း၊ နိုင်ငံခြားသား ၁ ဦးလျှင် ဘတ်ငွေ ၃ သောင်းဖြင့် ကြိုဆို ပို့ ဆောင်ပေးနေကြောင်း သိရှိရသည်။
အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုထားသည်။
မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင် အထည်ဖော်နေခြင်းလည်းဖြစ်သည်။
မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျော ထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က OCCRP သို့ ယမန်နှစ် မေလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ယမန်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် အစီရင်ခံဖော်ပြခဲ့သည်။
KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။
ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar